ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ ဂိုးသမား တဦး ဖြစ်သူ ကီပါကတော့ သူဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ပြန်ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ကီပါက ၂၀၁၈ခုနှစ်မှာ ဘီလ်ဘာအို ကနေ ချယ်လ်ဆီးထံ ဂိုးသမား တဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိကာစမှာ နံပါတ်တစ် ဂိုးသမား တဦး အဖြစ် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမှားများလာတာကြောင့် အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားနေရာကို ရောက်ရှိသွားသူပါ။

Photo Credit: Goal

ကီပါက စပိန်သား တဦး ဖြစ်တာနဲ့အညီ ဘောလုံးပေးပို့မှုတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စွမ်း ရှိသလို လျှပ်တပြက် ဂိုးပေါက် ကာကွယ်မှုတွေမှာလည်း ကောင်းမွန်ပေမယ့် သူ့ရဲ့ အမြင့်ဘောတွေကို ဟန့်တားနိုင်စွမ်း နည်းပါးမှု ၊ အမှားအယွင်း များပြားမှုတို့ကြောင့် ချယ်လ်ဆီးက ဆီနီဂေါ ဂိုးသမား ဖြစ်သူ မန်ဒီကို ခေါ်ယူကာ မန်ဒီကို အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို ပေးအပ်ခဲ့ပါတယ်။

မန်ဒီကလည်း ကီပါလိုပဲ ချယ်လ်ဆီးဆီ ရောက်ရှိကာစမှာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ မန်ဒီဟာ အမှားတချို့ကို ကျူးလွန်မိထားသလို သူ့ရဲ့ ဘောလုံးပေးပို့မှု အားနည်းချက်ကြောင့် ချယ်လ်ဆီးနည်းပြသစ် ဂရေဟမ် ပေါ်တာက သူ့ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ပထမဦးဆုံး ပွဲစဉ်မှာ ကီပါကို ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။

Photo Credit: Goal

ကီပါက ဂရေဟမ် ပေါ်တာရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းကို ချယ်လ်ဆီး ၁-၁ ဆဲလ်ဘက် ပွဲစဉ်မှာ အကောင်းဆုံး သက်သေပြနိုင်ခဲ့ပြီး ပေးဂိုး ရှိခဲ့ပေမယ့် သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်ကြောင့် ချယ်လ်ဆီးရဲ့ ကစားကွက်ပိုင်း ပိုမို ကောင်းမွန်လာတာကို မြင်တွေ့ခဲ့ရကာ ကီပါကတော့ အဆိုပါပွဲအပြီးမှာ သူဟာ နံပါတ်တစ် ဂိုးသမားနေရာကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ကီပါက – “ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်က အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ၁၅ပွဲလောက်ပဲ ကစားခဲ့ရပါတယ်။ အဲ့ဒါက ကျွန်တော် လိုချင်တဲ့ ပွဲအရေအတွက်မျိုး မဟုတ်ခဲ့ပါဘူး။ အခုတော့ ကျွန်တော်က ကိုယ့်ရဲ့ အရည်အသွေးတွေကို အကောင်းဆုံး သက်သေပြလို့ ရမယ့် အခွင့်အရေးကို ရထားပါတယ်။ ကျွန်တော်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်။ ပြီးတော့ အသင်းကိုလည်း အတတ်နိုင်ဆုံး ကူညီသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။