ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ စပိန် ဂိုးသမားဖြစ်တဲ့ ကီပါ ကတော့ လက်ရှိအချိန်မှာ သူ့အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ပထမဂိုးသမား နေရာကို ဆုံးရှုံးထားရပေမယ့် အဆိုပါ နေရာကို ပြန်ရအောင် ကြိုးစားသွားမယ်လို့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၆နှစ်အရွယ် စပိန်လက်ရွေးစင် အသင်းရဲ့ ဂိုးသမားဖြစ်သူ ကီပါဟာ ၂၀၁၈ ခုနှစ် ချယ်လ်ဆီးအသင်းထံ ဂိုးသမားတစ်ဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ် ဖြစ်တဲ့ ယူရို ၈ဝသန်းနဲ့ စပိန်ကလပ် ဘီလ်ဘာအို အသင်းကနေ ပြောင်းရွှေ့ခဲ့သူ တစ်ဦးဖြစ်ပြီး အဆိုပါ အချိန်မှ စတင်ကာ အသင်းရဲ့ ပထမဂိုးသမား နေရာကို သိမ်းပိုက်နိုင်ခဲ့သူ တစ်ဦးပါ။

Photo Credit: Standard

ဒါပေမယ့် ကီပါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဂိုးသမားတစ်ဦး အတွက် မဖြစ်သင့်တဲ့ အမှားတွေကို ကျူးလွန်မိခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးပေါက် ကာကွယ်မှုနှုန်း အနည်းဆုံး ဂိုးသမားတစ်ဦး အဖြစ်လည်း သတ်မှတ်ခံခဲ့ ရပါတယ်။ ဒါ့ကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ရာသီ အတွင်းမှာ ရန်းနက်စ်အသင်းရဲ့ ဂိုးသမား မန်ဒီကို အသင်းထံ ခေါ်ယူအားဖြည့်ခဲ့ပြီး မန်ဒီဟာလည်း အသင်းထံ စတင် ရောက်ရှိတဲ့ အချိန်မှာပဲ သူဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ရာထူးနဲ့ ထိုက်တန်သူဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကီပါရဲ့ အနာဂတ်ဟာ ချယ်လ်ဆီးအသင်းမှာ ကုန်ဆုံးသွားပြီလို့ သုံးသပ်မှုတွေ ရှိနေပြီး ကီပါကတော့ အဆိုပါ အမြင်တွေကို လက်မခံခဲ့ပါဘူး။

Photo Credit: Standard

ချယ်လ်ဆီးအသင်းရဲ့ ပထမ ဂိုးသမားနေရာကို ပြန်လည် ရရှိအောင် ကြိုးစားသွားမယ့် အကြောင်းကို ကီပါက “ အခု ကျွန်တော် အဆင်ပြေနေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့် ရှိပါတယ်။ ဒါက မျှော်လင့်ထားတဲ့ အခြေအနေ တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါမျိုးတွေက ဖြစ်တတ်တဲ့ အရာတွေပါ။ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အရန်ဂိုးသမား ဖြစ်နေရတဲ့အပေါ် ကြီးမားတဲ့ ခံစားချက်တော့ မရှိပါဘူး။ ကျွန်တော်တို့မှာ ဂိုးသမား သုံးဦးအထိ ရှိနေပါတယ်။ သူ(လမ်းပတ်) က ပွဲထွက် ကစားသမား ၁၁ယောက်ကို ရွေးချယ်ရတဲ့သူပါ။ ဒါ့ကြောင့် အစွမ်းကုန် ကြိုးစားမှာက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဘောလုံးသမား တစ်ယောက်ရဲ့ ဘဝမှာ အတက် ၊ အကျ ရှိတာက သဘာဝပါပဲ။ ကျွန်တော့်ရဲ့ အခြေအနေက ပြီးခဲ့တဲ့နှစ်ကနဲ့ မတူပါဘူး။ ကျွန်တော် လုပ်ရမယ့် တစ်ခုတည်းသော အရာက ကျွန်တော့်ရဲ့ အရည်အချင်းတွေကို ပြသဖို့ အကောင်းဆုံး ကြိုးစားတာပါပဲ။ တကယ်လို့ ကျွန်တော်သာ အခွင့်အရေး ရလာရင် ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချသွားမှာပါ “ လို့ ပြောကြား သွားခဲ့ပါတယ်။