ချယ်လ်ဆီးအသင်းရဲ့ နံပါတစ်ဂိုးသမား ကယ်ပါအာရီဇာဘာလာဂါကတော့ ဒီရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ အက်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ကစားဖို့ မလွယ်ကူတော့ပဲ အသင်းနည်းပြဖရန့်လမ်းပတ်က အဲ့ဒီပွဲတွေအားလုံးကို ကယ်ပါထက် ပေးဂိုးနည်းတဲ့ အရန်ဂိုးသမားကြီး ဝီလီကာဘယ်ရယ်လိုကိုပဲ ပုံမှန်အသုံးပြုသွားဖွယ်ရှိနေတာကြောင့် ကယ်ပါအနေနဲ့ အသင်းနဲ့ လမ်းမခွဲရခင်မှာ အသင်းအတွက် နောက်ဆုံးပွဲလေးကိုတောင် ပါဝင်ရနိုင်ဖို့ အခွင့်အရေးတောင် မရှိသလောက် နည်းသထက်ကို နည်းပါးသွားခဲ့ရပါတယ်။

Photo Credit : Football News Central

အသက်(၂၅)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားကယ်ပါဟာ သူရဲ့လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် ချယ်လ်ဆီးအသင်းကနေ သူ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားတစ်ယောက်ကို အပူတပြင်း ရှာဖွေလို့နေပြီး အသက်လက်တီကိုမက်ဒရစ် ဂိုးသမားအော့ဘလက် ဘာစီလိုနာ ဂိုးသမားတာစတီဂန် အေဂျက်စ် ဂိုးသမားအိုနာနာနဲ့ ဘန်လေအသင်း ဂိုးသမားနစ်ပုဒ်တို့ ဆက်တိုက်သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ နည်းပြလမ်းပတ်က ကယ်ပါထက် ဝါရင့်အရန်ဂိုးသမားကြီး ကာဘယ်ရယ်လိုကိုပဲ လာမယ့်ပွဲစဉ်တွေမှာ ဆက်တိုက်အသုံးပြုဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဂိုးသမားကယ်ပါဟာ ဘီလ်ဘာအိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၇၁)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်ဂျီယံဂိုးသမား ကော်တွိုက်စ်နေရာမှာ အစားဝင်ခဲ့သူဖြစ်ပါတယ်။ ဂိုးသမားတွေအားလုံးထဲမှာ ပြောင်းရွှေ့ကြေးအမြင့်မားဆုံးသူဖြစ်ခဲ့တဲ့ ကယ်ပါဟာ ချယ်လ်ဆီးနဲ့ပထမရာသီမှာ လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ပထမရာသီမှာတည်းက နည်းပြဟောင်းဆာရီနဲ့ လိဂ်ဖလားဖိုင်နယ်မှာ ပြသာနာလေးတွေ ရှိခဲ့ဖူးသလို ဒီရာသီမှာလည်း သူရဲ့ဂိုးပေါက်ကာကွယ်မှုတွေ လျော့ကျလာခဲ့ကာ ဂိုးပေးနှုန်းတွေလည်း မြင့်မားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)မှာလည်း လီဗာပူးလ်အသင်းဘက်ကို (၅)ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက်မှာ လမ်းပတ်က ဝုလ်ဗ်နဲ့ကစားရတဲ့ ရာသီပိတ်ပွဲကို ကယ်ပါအစား ကာဘယ်ရယ်လိုကို ပြောင်းလဲသုံးစွဲခဲ့ပြီး ချယ်လ်ဆီးကလည်း အဲ့ဒီပွဲမှာ Clean Sheets နိုင်ပွဲကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် လမ်းပတ်အနေနဲ့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီ အက်အေဖလားဗိုလ်လုပွဲမှာလည်း အတိမ်းအစောင်းခံမရတဲ့ အခြေအနေရှိနေတာမို့ ကယ်ပါထက် အာဂျင်တီးနားဂိုးသမားကြီး ကာဘယ်ရယ်လိုကိုသာ ပွဲထွက်ဂိုးသမားအဖြစ် ဆက်လက်သုံးစွဲလာနိုင်ပါတယ်။