ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂိုးသမား တဦး ဖြစ်သူ ကီပါက ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့တာကြောင့် ဂိုးမပေးခဲ့ရပေမယ့် မပျော်ရွှင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက နည်းပြအပြောင်းအလဲ လုပ်ခဲ့ပြီးနောက် ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိထားပြီး နည်းပြသစ် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ပြိုင်ပွဲစုံ ၇ပွဲ ကစားထားရာ ၅ပွဲနိုင် ၂ပွဲ သရေ ဆိုတဲ့ ရလဒ်ကို ရရှိထားသလို ဂိုးမပေးရတဲ့ပွဲကလည်း ၅ပွဲ အထိ ရှိခဲ့ပါတယ်။

Photo Credit: Metro

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲမှာလည်း ချယ်လ်ဆီးက အဝေးကွင်းမှာ ကစားကွက်ပိုင်း အသာစီး ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် သွင်းဂိုးတွေ မသွင်းယူနိုင်သည့်တိုင်အောင် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်တဲ့ ခံစစ်ကြောင်းကြောင့် သရေတမှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ၀-၀ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးပရိသတ်တွေက နောက်ဆုံး ၅ပွဲဆက် ပေးဂိုးမရှိထားတဲ့ ချယ်လ်ဆီးဂိုးသမား ကီပါကို ချီးကျူးမှုတွေ ပြုလုပ်နေကြပြီး ကီပါကတော့ ပေးဂိုး မရှိခဲ့ပေမယ့် အသင်းနိုင်ပွဲ မရခဲ့တဲ့ အတွက် ပျော်ရွှင်မှု မရှိကြောင်း ဆိုလာပါတယ်။

Photo Credit: Metro

ကီပါက – “ကျွန်တော်က ဘောလုံးမရှိတဲ့ အချိန်မှာရော ၊ ဘောလုံးရှိတဲ့ အချိန်မှာပါ နေရာကောင်းကောင်း ယူနိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်က ခံစားချက်တွေ ကောင်းနေသလို အသင်းကို ကူညီနိုင်နေတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ကစားသမားတိုင်းက ကစားရရင် ယုံကြည်မှု ပြည့်ဝလာသလို ယုံကြည်မှုတွေ ရှိနေရင် ပျော်တာက သဘာဝပါပဲ။ အခု ကျွန်တော်က ဆက်တိုက် ကစားနေရသလို စွမ်းဆောင်ရည်ကောင်းတွေပါ ရနေလို့ အတော် ပျော်နေပါတယ်။ ပြီးတော့ ဒီပုံစံအတိုင်း ဆက်ရှိနေအောင် ဆက်လက် ကြိုးစားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့က နိုင်ပွဲ မရခဲ့တာကြောင့် သရေ ၁မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ကျွန်တော်တို့က အပိုင်ဂိုးသွင်းခွင့် တချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့် ကျွန်တော်တို့က မပျော်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဆက်လက် ကြိုးစားဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်တို့တွေ ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်မယ်။ အမှတ်ပေးဇယားရဲ့ အမြင့်ကို ရောက်နိုင်သလောက် ရောက်အောင် ကြိုးစားသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။