ချယ်လ်ဆီးအသင်းက အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားဖြစ်တဲ့ ကယ်ပါအာရီဇာဘာလာဂါကို လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကို ရောင်းထုတ်သွားဖို့ ပြင်ဆင်လျက် ရှိလို့နေပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၅၀)ဝန်းကျင်လောက် ရရှိမယ်ဆိုရင် အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၇)နှစ်အရွှ့ယ်ရှိ စပိန်လက်ရွေးစင် ဂိုးသမား ကယ်ပါဟာ စပိန်လာလီဂါကလပ် ဘီလ်ဘာအိုအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘီလ်ဘာအိုမှာ စီနီယာကစားသမားအဖြစ် ၂၀၁၆ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ ပါဝင်ကစားပြီးနောက် ၂၀၁၈ နွေစျေးကွက်မှာပဲ ချယ်လ်ဆီးအသင်းဆီကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့့ရောက်ရှိလာခဲ့ပါတယ်။ ကယ်ပါက သူရဲ့ပွဲဦးထွက်ရာသီမှာ ချယ်လ်ဆီးအတွက် လက်စွမ်းပြနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းကာလမှ သူရဲ့လက်စွမ်းပိုင်း မတည်ငြိမ်လာမှုကြောင့် ချယ်လ်ဆီးဘက်က ဆီနီဂေါ ဂိုးသမား အက်ဒွါမန်ဒီကို ထပ်မံခေါ်ယူခဲ့ရသလို မန်ဒီကိုပဲ အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ်သာ ဆက်တိုက် အသုံးပြုလာခဲ့သလို ကယ်ပါကိုလည်း ပွဲကစားခွင့် အနည်းငယ်သာ ပေးလာခဲ့ပါတော့တယ်။

Photo Credit : Marca

ဒီနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲနဲ့ ချန်ပီယံလိဂ် (၁)ပွဲသာ ပါဝင်ကစားခွင့် ရရှိထားခဲ့ရတဲ့ ကယ်ပါကို စျေးကွက်တွေအတွင်း ငွေကြေးတွေ ဒလဟော သုံးစွဲသွားမယ့် နယူးကာဆယ်အသင်းက ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာကြောင့် ချယ်လ်ဆီးအသင်းဘက်ကလည်း သူတို့ရဲ့ ဂိုးသမားကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖို့ အသင့်ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်မှာကတည်းက ငွေကြေးသုံးစွဲမှုတွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်လို့ထားတဲ့ နယူးကာဆယ်အသင်းဟာ အသင်းသာ လာမယ့်နွေမှာလည်း လိုအပ်နေတဲ့ နေရာတွေအတွက် အားဖြည့်တင်းမှုတွေကို အရှိန်ကောင်းကောင်းနဲ့ လုပ်ဆောင်သွားဖို့ ရှိနေရာ ဂိုးသမားနေရာအတွက်ကိုလည်း ကယ်ပါနဲ့ ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။ အသင်းမှာ ဂိုးသမား(၃)ဦး ရှိနေပေမယ့် ထိပ်တန်းဂိုးသမားတစ်ဦးကို ထပ်မံအားဖြည့်ချင်နေတဲ့ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်မှာ ဒုတိယ ဦးစားပေးတွေ ဖြစ်နေရတဲ့ ကယ်ပါနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်တို့ကို ခေါ်ယူသွားဖို့ ချိန်ရွှယ်နေတာဖြစ်ပြီး ကယ်ပါကိုတော့ ဦးစားပေး ကမ်းလှမ်းဖွယ် ရှိနေပါတယ်။