ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ မာတင် ကီအွန်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဗီလာနဲ့ မန်ချက်စတာ စီးတီးတို့ ပွဲစဉ်မှာ ဗီလာခံစစ်မှူးတွေအနေနဲ့ လတ်တလောမှာ ခြေစွာနေတဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်းကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာ ပြောပြသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၅ပွဲ ကစားထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Talk Sport

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် ခံစစ်မှူးတွေ အတွက် အာလင်း ဟာလန်းဟာ အိမ်မက်ဆိုး တခု ဖြစ်လာပြီး ယနေ့ညမှာလည်း ဗီလာရဲ့ ဗဟိုခံစစ်မှူးတွေ ဖြစ်တဲ့  တိုင်ရွန်မင်းစ်နဲ့ ကွန်ဆာတို့က ဟာလန်းကို ခက်ခက်ခဲခဲ ထိန်းချုပ် ကစားရဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ဖူးတဲ့ ခံစစ်မှူးဟောင်း မာတင် ကီအွန်ကတော့ ဗီလာခံစစ်မှူးတွေ အနေနဲ့ အာလင်း ဟာလန်းကို ထိန်းချုပ် ကစားနိုင်မယ့် နည်းလမ်းတခု ရှိကြောင်းနဲ့ အဲ့ဒါနည်းလမ်းက အာလင်း ဟာလန်းကို ခပ်ကြမ်းကြမ်း တုံ့ပြန် ကစားဖို့သာ ဖြစ်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Talk Sport

မာတင် ကီအွန်က – “အာလင်း ဟာလန်းကို ရင်ဆိုင် ကစားဖို့ အတွက် အကောင်းဆုံးနည်းလမ်းက သူ့ကို ခပ်ကြမ်းကြမ်း ဝင်ဖျက် ၊ ဝင်လုတာတွေ လုပ်တာလို့ပဲ ထင်ပါတယ်။ ခင်ဗျားတို့က ဟာလန်းကို ကြည့်လိုက်ရင် သူက လူကောင်ကြီးတယ်။ ပြီးတော့ သွင်းဂိုးတွေ အတွက် အမြဲတမ်း ဆာလောင်နေတယ်။ သွင်းဂိုးတွေ ရဖို့ တချိန်လုံး တောင့်တနေသလို ဂိုးတွေ ရရင်လည်း ဘယ်တော့မှ မကျေနပ်နိုင်တာကို မြင်တွေ့ရပါလိမ့်မယ်။ ဟာလန်းက တချိန်လုံး သွင်းဂိုးတွေ သွင်းယူဖို့ပဲ အာရုံစိုက်ထားသူပါ။ ဒါကြောင့် သူနဲ့ ရင်ဆိုင် ကစားမယ် ဆိုရင် တချိန်လုံး တက်တက်ကြွကြွ ရှိနေဖို့ လိုပါမယ်။ ဒီတပတ်မှာ ဟာလန်းနဲ့ ရင်ဆိုင် ကစားရမယ့် တိုင်ရွန်မင်းစ်နဲ့ ကွန်ဆာတို့ကို အကြံပေးချင်တာက ဟာလန်းနဲ့ ရင်ဆိုင်ပြီ ဆိုရင် အမြဲတမ်း သူ့ထက် ဦးနေဖို့ လိုပါတယ်။ သူ့ထက် အရင် ဘောလုံးကို ရအောင် ၊ ဖျက်ထုတ်နိုင်အောင် ကြိုးစားရပါမယ်။ လှုပ်ရှားမှု အရမ်းမြန်တဲ့ ကစားသမားမျိုးနဲ့ ရင်ဆိုင် ကစားပြီ ဆိုရင် အမြဲတမ်း သူက ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို သတိထားရပါမယ်။ ဒါမှပဲ သူက ခင်ဗျားရဲ့ ကျောဘက်ကနေ လှုပ်ရှားတာမျိုးကို တားဆီးနိုင်မှာပါ” လို့ အကြံပေးစကား ပြောကြားသွားခဲ့တာပါ။