ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ မာတင် ကီအွန်က ဟယ်ရီကိန်းသာ ဂျာမနီ ကစားသမား ဖြစ်နေမယ်ဆိုရင် Blid လို ဂျာမနီ သတင်းမီဒီယာတွေအနေနဲ့ လှောင်ပြောင်ကြမှာ မဟုတ်ဘဲ အထူးတလည် ချီးကျူးမှုတွေပါ လုပ်ဆောင်လိမ့်မယ်လို့ ဝေဖန် ပြစ်တင်လိုက်ပါတယ်။
အသက် (၃၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးခဲဲ့တဲ့နှစ် နွေကမှ စပါးကနေ ဘိုင်ယန်အသင်းဆီ ရောက်ရှိလာခဲ့ရင်း ပွဲဦးထွက် ရာသီမှာပဲ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၄၅)ပွဲကစား (၄၄)ဂိုးသွင်းယူကာ ဥရောပ ရွေဖိနပ်ဆုနဲ့ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆုံးဆုတို့ကို ဆွတ်ခူးခဲ့ရပါတယ်။
Photo Credit : Sport Blid
ဒါပေမယ့် ဟယ်ရီကိန်းက ကံဆိုးစွာနဲ့ပဲ သူရဲ့ ပွဲဦးထွက် ရာသီမှာ ဘိုင်ယန်နဲ့ ဆုဖလားတွေ အားလုံးကို လွဲချော်ခဲ့ရပြီး ဒီလို လွဲချော်မှုဟာလည်း ဟယ်ရီကိန်းရဲ့ ဆုဖလားတွေနဲ့ ကံမစပ်ခြင်းကြောင်းလို့ ခေါင်းစဉ်တပ်ခံခဲ့ရသလို လေဗာကူဆင် ဗီလာတို့နဲ့ ပွဲတွေမှာလည်း ဂိုးမသွင်းနိုင်လို့ပါ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဂျာမနီ မီဒီယာတွေက ဟယ်ရီကိန်းဟာ ပွဲကြီးတွေမှာ ပျောက်နေတက်တဲ့သူလို့ ဝေဖန်နေကြတဲ့အပေါ် အာဆင်နယ်နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ကီအွန်က “ဂျာမနီ မီဒီယာတွေက ဟယ်ရီကိန်း သူ အဲ့ဒီကို စရောက်ကတည်းက ဘိုင်ယန်မြူးနစ်အတွက် လုပ်ပေးခဲ့တာတွေကို မေ့ထားပြီး သူ့ကို ဝေဖန် လှောင်ပြောင်နေကြတယ်။”
Photo Credit : talkSPORT
“ပြီးခဲ့တဲ့ ရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါဖလား မရခဲ့တာကလည်း သူ့ကြောင့် မဟုတ်ပါဘူး။ သူက အသင်းအတွက် တောက်ပနိုင်ခဲ့တာပဲလေ။ ဗီလာနဲ့ပွဲမှာတော့ သူ ပုံစံကောင်းမပြနိုင်ဘူး ဆိုပေမယ့်လည်း အီမီ မာတီနက်ဇ်ကလည်း အံ့မခန်း ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လေ။”
“ကျွန်တော်ကတော့ ဒါကို ရယ်စရာတစ်ခုလို့ပဲ မြင်ပါတယ်။ ဟယ်ရီကိန်းသာ ဂျာမနီသား ဖြစ်နေမယ်ဆိုရင် ဒီမီဒီယာတွေက သူ့ကို ချီးကျူးနေရုံသာမကဘဲ နောက်နှစ်ပေါင်းများစွာအထိပါ သူ့အကြောင်းကို ပြောနေကြမှာ ဖြစ်ပေမယ့် ဂျာမနီမှာကတော့ ခြေစွမ်းမပြနိုင်တဲ့အခါ အကြောင်းပြချက်တချို့နဲ့ သူ့ကို ဝေဖန်ချင်ကြတယ်။ (၅၄)ပွဲမှာ (၅၃)ဂိုးအထိ သွင်းယူထားသူက သူတို့ ဝေဖန်သလို ဘာမှမလုပ်ဆောင်နိုင်တော့ မဟုတ်ပါဘူး။” လို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။