MySport Myanmar

ဝါဒါဘရီမင်အတွက် ၁မိနစ်တောင် မကစားပေးရသေးပေမယ့် ဒဏ်ရာရသွားပြန်တဲ့ ကီတာ

ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးကနေ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ နာဘီကီတာက ဝါဒါဘရီမင်နဲ့ လေ့ကျင့်ခန်းတွေ လုပ်နေရင်း ဒဏ်ရာရသွားတာကြောင့် အနားယူရတော့မယ်လို့ သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဂွီနီရာ လက်ရွေးစင် ကွင်းလယ်လူ နာဘီကီတာက ၂၀၁၈ခုနှစ်မှာ လိုက်ပ်ဇစ်ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက လီဗာပူးမှာ ၅နှစ် ကြာအောင် ကစားပေးခဲ့ပေမယ့် သူ့ရဲ့ အချိန်အများစုကို ဆေးရုံ ၊ ဆေးခန်းတွေမှာသာ ကုန်ဆုံးခဲ့ရသူပါ။

Photo Credit: Werder Bremen

နာဘီကီတာက လီဗာပူး ကစားသမား ဘဝ ၅နှစ်တာ ကာလအတွင်းမှာ မတူညီတဲ့ ဒဏ်ရာပြဿနာ ၁၈မျိုး အထိ ကြုံတွေ့ခဲ့ရတာကြောင့် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၂၉ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

ဒဏ်ရာလူသား ဖြစ်နေတဲ့ အချက်ကြောင့်ပဲ လီဗာပူးက နာဘီကီတာကို စာချုပ်သစ် မချုပ်တော့ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီး ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင်က နာဘီကီတာကို သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Dave OCKOP

နာဘီကီတာက ဝါဒါဘရီမင်ရဲ့ ရာသီကြို ပြင်ဆင်ရေး အစီအစဉ်တွေမှာ ပါဝင်ကာ ကောင်းကောင်း လေ့ကျင့်နိုင်ခဲ့ပေမယ့် ဝါဒါဘရီမင်ရဲ့ ပထမဦးဆုံး ခြေစမ်းပွဲ ဖြစ်တဲ့ VFB Oldenburgအသင်းနဲ့ ကစားမယ့် ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ရာမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ နာဘီကီတာက သွေးပူလေ့ကျင့်ခန်း လုပ်ရင်းနဲ့ ဒဏ်ရာရသွားတာကြောင့် ဆေးစစ်မှုတွေ လုပ်ဆောင်နေရပြီး နာဘီကီတာဟာ ဝါဒါဘရီမင်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေ အားလုံးကို လွဲချော်ဖွယ် ရှိကြောင်း သိရပါတယ်။

Exit mobile version