MySport Myanmar

ကီတာကို အသုံးချပြီး အင်တာကြယ်ပွင့် ဘာရယ်လာကို ခေါ်ယူသွားမယ့် လီဗာပူးလ်

ဒီနှစ်နွေဈေးကွက်ထဲမှာ ကစားသမားသစ် (၃)ယောက်အထိကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ကစားသမား ခေါ်ယူမှုကို အဆုံးမသတ်နိုင်သေးပဲ ကွင်းလယ်ပိုင်းကို အားဖြည့်တင်းဖို့အတွက် အင်တာမီလန်အသင်းရဲ့ အီတလီကြယ်ပွင့် ကွင်းလယ်ကစားသမား ဘာရယ်လာကိုပါ အလိုရှိနေပြီး ကစားသမားရဲ့ တန်ကြေးကို လျှော့ချနိုင်ဖို့အတွက် နာဘီကီတာကို အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ အီတလီအခြေစိုက် Calciomercatoweb သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ဘင်ဖီကာကနေ ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူထားတဲ့ ဒါဝင်နူနက်ဇ်အပါအဝင် ဖေဘီယိုကာဗယ်လ်ဟို ကယ်လ်ဗင်ရမ်ဆေးတို့ကို စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်သန်းတစ်ရာ ဝန်းကျင်လောက်နဲ့ ခေါ်ယူထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ နွေရာသီ ကစားသမားအဝင်ကို ပိတ်သိမ်းလိုက်ပြီလို့ ယူဆရပေမယ့် ကွင်းလယ်ပိုင်းကို ဆက်လက်အားဖြည့်သွားဖို့ ရှိနေသေးတဲ့အတွက် စတုတ္ထမြောက် ကစားသမားသစ် ထပ်မံရောက်ရှိလာဦးမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေရပါတယ်။ လက်ရှိ အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ လီဗာပူးလ်ဟာ အင်တာကွင်းလယ်လူ ဘာရယ်လာကို အလိုရှိနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ရင်ဆိုင်တွေ့ဆုံထားဖူးတဲ့ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်လူ ဘာရယ်လာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး အင်တာကလည်း အသင်းဘဏ္ဍာရေး အနေအထားအရ ကစားသမားတချို့ကို ရောင်းထုတ်ဖို့ လိုအပ်ပေမယ့် ဘာရယ်လာလို ကစားသမားမျိုးကိုတော့ အသင်းကနေ လုံးဝရောင်းမထုတ်ချင်ပဲ မဖြစ်မနေသာ ရောင်းချမယ်ဆိုရင်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့သာ ရောင်းချဖွယ် ရှိနေပါတယ်။ လီဗာပူးလ်အနေနဲ့ကလည်း ဒါဝင်နူနက်ဇ်အတွက် ပေါင်(၇၅)သန်းလောက်အထိ အသုံးချထားရတာကြောင့် နောက်ထပ် မြင့်မားတဲ့ အသုံးစရိတ်တွေ ထပ်သုံးသွားဖို့ မလွယ်ကူတာကြောင့် ဘာရယ်လာအတွက် ပြောင်းရွှေ့ကြေးတချို့အပြင် လာမယ့် ၂၀၂၃ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မာလီကွင်းလယ်လူ ကီတာကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်းသွားချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အင်တာကတော့ ဒီနွေမှာ ဘာရယ်လာကို ဘယ်လိုကမ်းလှမ်းမှုနဲ့ပဲဖြစ်ဖြစ် လုံးဝလက်လွတ်ခံဖွယ် မရှိတာကြောင့် လီဗာပူးလ်က ဘာရယ်လာအစား အခြား ကွင်းလယ်လူတစ်ဦးကိုသာ ပြောင်းလဲပစ်မှတ်ထားရဖွယ် ရှိနေပါတယ်။

 

Exit mobile version