မိုနာကိုအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ ဆီနီဂေါနိုင်ငံသား ကီတာဘလိတ်ကတော့ သူ့ရဲ့ နိုင်ငံအသင်းဖော်တစ်ဦး ဖြစ်တဲ့ ဆာဒီယိုမာနေးဟာ လက်ရှိ ကစားနေတဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းမှာ အမြဲတမ်းနေသွားမှာ မဟုတ်ကြောင်းနဲ့ ရီးရဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့နိုင်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ အသက်၂၅နှစ်အရွယ် ကီတာဘလိတ်ဟာ နိုင်ငံ လက်ရွေးစင်အသင်းမှာ မာနေးနဲ့ အတော်လေးကို ခင်မင်သူတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ ဖွင့်ဟ ပြောဆိုလာမှုက မာနေးရဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လိုမှုကို တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပြခဲ့တာလားဆိုပြီး ဂျာနယ်လစ်တွေက မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

Photo Credit: Metro.com

အသက်၂၈နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မာနေးဟာ လီဗာပူးအသင်းအတွက် ယခုနှစ် ဘောလုံးရာသီမှာ အခရာကျခဲ့တဲ့ ကစားသမားဖြစ်ပြီး ဆာလက် ၊ ဖာမီနိုတို့ ခြေစွမ်း အနည်းငယ် ကျဆင်းခဲ့ချိန်တွေမှာ သူ့ရဲ့သွင်းဂိုးတွေကြောင့် လီဗာပူးအသင်းက အနည်းငယ် စိတ်သက်သာရာ ရခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မာနေးကို ခေါ်ယူဖို့အတွက် စပိန်အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားလာတာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ မာနေးကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ မာနေးရဲ့ တန်ကြေး ဟာ ပေါင်၁၀၀သန်းနဲ့အထက် ရှိလိမ့်မယ်လို့ ဆိုထားကြပါတယ်။

Photo Credit: Metro.com

 

မာနေးဟာ လီဗာပူးအသင်းမှာ အမြဲတမ်း ရှိမှာ မဟုတ်ဘူးဆိုတဲ့ အချက်နဲ့ ပတ်သတ်ပြီး ကီတာဘလိတ်က ” သူ လီဗာပူးမှာ ဆက်ရှိမလား ၊ မရှိဘူးလားဆိုတာက အကြောင်းအရာ အများကြီးအပေါ် မူတည်နေပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် မသိဘူး။ ဒါပေမယ့် သူဟာ လီဗာပူးမှာ အမြဲတမ်းရှိသွားလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ သူက တော်တဲ့လူ တစ်ဦးဖြစ်ပြီး ဘာက သူ့အတွက် ကောင်းတယ် ၊ သူဘာလုပ်သင့်လဲဆိုတာ သိရှိပါတယ်။ ရီးရဲလ် မက်ဒရစ်ကတော့ အမြဲတမ်း ကစားသမား အများကြီးနဲ့ သတင်းထွက်လေ့ရှိတဲ့ အသင်းပါ။ လီဗာပူးနည်းပြက သူ့ကို အတော်ချစ်ပါတယ်။ ပြီးတော့ သူကလဲ လီဗာပူးအတွက် ခြေစွမ်းတွေ အများကြီးပြထားတယ်လေ။ ဒါပေမယ့် အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုက သူ့ကို လီဗာပူးအသင်းကနေ ထွက်ခွာဖို့ ဆွဲဆောင် လာနိုင်ပါတယ်။ သူ့ကို ကတ်တွေအများကြီး ပေးနိုင်တဲ့ အသင်းကြီး တစ်သင်းပေါ့ ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။