ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် ဒါရိုက်တာ တဦးလည်း ဖြစ်တဲ့ ခါလ်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ သူတို့အသင်း ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပေးခဲ့သလို ဟာလန်းက ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့တော့မယ့် အကြောင်းကိုပါ အရိပ်အမြွက် ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပြီး အနာဂတ်မှာ ပြင်သစ် ကြယ်ပွင့်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေနဲ့ အပြိုင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်မယ့် ကစားသမား အဖြစ်ပါ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Team Talk

ဟာလန်းက အသက်အရွယ် ငယ်ရွယ်သေးသလို သွင်းဂိုးတွေ အတွက် အာမခံချက် အပြည့် ပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်တာကြောင့် ဥရောပ ထိပ်သီးအသင်း အားလုံးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဟာလန်းကတော့ သူ့ရဲ့ ဖခင်ဖြစ်သူ ကစားခဲ့ဖူးတဲ့ မန်ချက်စတာ စီးတီးဆီသာ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၈၅သန်းကို ပေးချေဖို့ ပြင်ဆင်နေသလို ဟာလန်းကို ခေါ်ယူဖို့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်တာကြောင့် မကြာခင်မှာပဲ ဟာလန်းဟာ မန်ချက်စတာ စီးတီးရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Team Talk

ဒေါ့မွန်ရဲ့ ဒါရိုက်တာ တဦး ဖြစ်သူ ခါလ်ကလည်း သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းက အသင်းနဲ့အတူ နောက်ထပ် တရာသီ ဆက်မရှိနိုင်တော့ကြောင်းကို ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sport1နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

ခါလ်က – “အာလင်း ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပြောရရင်တော့ လာမယ့် အပတ်ထဲမှာပဲ ကျွန်တော်တို့က သူ့ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိရပါလိမ့်မယ်” လို့ ပြောကြားရင်း ဟာလန်းဟာ အသင်းကနေ ထွက်ခွာတော့မယ့် အကြောင်း အတည်ပြုပေးခဲ့သလို ဟာလန်းက ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့နိုင်ကြောင်းပါ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။