ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဖြစ်သူ ရီဗာဒိုကတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဂရစ်စမန်းကို ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ ဒါမှမဟုတ် အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်တို့နဲ့ အလဲအလှယ် မလုပ်ဘဲ ဆက်ထိန်းသင့်တယ်လို့ ပြောသွားပါတယ်။ နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဂရစ်စမန်းကို တည်ကြက် အနေနဲ့ အသုံးပြုပြီး ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ ဒါမှမဟုတ် အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူချင်လျက် ရှိတယ်လို့ ကောလဟာလ သတင်းတွေက ထွက်သထက် ထွက်လာခဲ့ပါတယ်။

Photo Credit: Goal

ပြင်သစ်အသင်းနဲ့ အတူ ရုရှား ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ တိုက်စစ်မှူး ဂရစ်စမန်းဟာ (၂၀၁၉) ခုနှစ်က အက်သလက်တီကို မက်ဒရစ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲစုံ (၃၇) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၁၄) ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဂရစ်စမန်းဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အသင်းနဲ့ လမ်းခွဲနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်ပေမဲ့လည်း ဘာစီလိုနာ ကစားသမားဟောင်း ဖြစ်သူ ရီဗာဒိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ ဂရစ်စမန်းကို အချိန်ပိုပေးရမယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

Betfair မှာ ရီဗာဒိုက “ဂရစ်စမန်းဟာ မာတီနက်စ်နဲ့ အလဲအလှယ် ပြုလုပ်ပြီး အင်တာအသင်းကို ပြောင်းသွားနိုင်ပါတယ်၊ ဒါမှမဟုတ် သူ ပီအက်စ်ဂျီအသင်းကို ပြောင်းပြီး နေမာက ဘာစီလိုနာကို ပြန်လာနိုင်ချေ ရှိပါတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ များလာပါတယ်။ ဒါပေမဲ့ ကျွန်တော် ယုံကြည်တာကတော့ ဘာစီလိုနာအသင်းအနေနဲ့ ဂရစ်စမန်းကို အသင်းမှာ ခြေစွမ်းပြနိုင်ဖို့အတွက် အချိန် ပိုပေးသင့်တယ် ဆိုတာပါပဲ။ တကယ်လို့ သူ အီတလီနိုင်ငံကို ရောက်သွားမယ် ဆိုရင်တော့ အခက်အခဲ ရှိနိုင်ပါတယ်။ သူ့ရဲ့ အနာဂတ်က လာလီဂါ ပြိုင်ပွဲမှာပဲ ရှိပြီး သူက လာလီဂါ ပြိုင်ပွဲမှာ ကောင်းစွာ အံ့ဝင်နိုင်သလို သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပုံမှန် ပြသနိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဘာစီလိုနာအသင်းအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မတည်ဆောက်ခင် ပိုပြီး စိတ်ရည်ရမှာ ဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ပို ကစားရပါလိမ့်မယ်”လို့ အကြံပေး ပြောကြားသွားခဲ့ပါတယ်။