ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်းက သူ့ရဲ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)မှာ လီဗာပူးကို အဝေးကွင်းမှာ သရေ ကစားနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ရိုင်ကိန်းရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃)နေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဓိက ကစားသမားတွေ ဒဏ်ရာရနေမှု ၊ ပွဲဆက်များမှု ၊ အမှားများမှု စတဲ့ အချက်တွေကြောင့် ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေပါတယ်။

Photo Credit: Standard

ယမန်နေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် အာဆင်နယ် ၊ မန်ချက်စတာ စီးတီးတို့နဲ့ အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အစဉ်အလာပြိုင်ဘက် လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ဂိုးမရှိ သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ်။

လီဗာပူးလို အိမ်ကွင်း နိုင်ပွဲဆက်နေတဲ့ အသင်းကို ဂိုးမရှိ သရေရလဒ် ရအောင် ကစားနိုင်ခဲ့တာကြောင့် ဘောလုံးရေးရာ သုံးသပ်ဝေဖန်သူတွေက မန်ချက်စတာ ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်တော့မယ်လို့ သုံးသပ်နေကြပေမယ့် ရိုင်ကိန်းကတော့ သူ့ရဲ့ အသင်းဟောင်းဟာ အခုမှ ပြန်လည် တည်ဆောက်ဆဲ အသင်းသာ ဖြစ်ပြီး ဖြေရှင်းစရာ ပြဿနာတွေ အများကြီး ရှိသေးတယ်လို့ ထောက်ပြခဲ့ပါတယ်။

Photo Credit: Standard

ရိုင်ကိန်းက – “ယူနိုက်တက်က အခုမှ ပြန်လည် တည်ဆောက်ဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ သူတို့အသင်းမှာ ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ဂိုးမရတာတွေ ၊ ဒဏ်ရာပြဿနာတွေ စသဖြင့်ပေါ့။ ဒီပွဲမှာ လီဗာပူးရဲ့ ကစားသမားတွေက သူတို့တွေ အလွယ်လေး နိုင်မယ်လို့ တွေးခဲ့ကြတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပြီး သရေရလဒ် ဖြစ်ခဲ့တာလို့ သုံးသပ်ရင်လည်း ရပါတယ်” ဆိုပြီး ယူနိုက်တက်ရဲ့ ပြဿနာတွေကို ထောက်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အပြီးမှာ ရမှတ် ၂၈မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၇)ကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နဲ့ ရမှတ် ၆မှတ် ကွာဟနေတာကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် လက်ကျန်ပွဲတွေမှာ ရမှတ်တွေ ခပ်များများ စုဆောင်းနိုင်ဖို့ လိုအပ်နေပါတယ်။