ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုင်ယာလန်အသင်းတို့ရဲ့ ဂန္တဝင် အသင်းခေါင်းဆောင် ကွင်းလယ်လူ ရိုင်ကိန်း ကတော့ ကမ္ဘာ့အဆင့်ခြေစွမ်း ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ ရှိနေသလို လူငယ်ကြယ်ပွင့် အများအပြားလည်း မွေးထုတ်ထားနိုင်တဲ့ အင်္ဂလန်အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေ ရှိကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ဘောလုံးဘိုးအေ နိုင်ငံကြီး အဖြစ် တင်စားခံထားရတဲ့ အင်္ဂလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပရိသတ် အင်အား အများအပြားကို ပိုင်ဆိုင်ထားပေမယ့် ဆုဖလား အောင်မြင်မှု နည်းပါးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တကြိမ်သာ ဗိုလ်စွဲထားနိုင်ပါတယ်။

Photo Credit: Express

ဒါပေမယ့် ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်းမှာတော့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမား အများအပြားကို မွေးထုတ်နိုင်ခဲ့သလို လူငယ်ကြယ်ပွင့် အများစုရဲ့ ခြေစွမ်းကလည်း အားရစရာ အနေအထားမှာ ရှိခဲ့တာကြောင့် ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့် အထိ တက်လှမ်းနိုင်ခဲ့ပြီး အီတလီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် သူတို့အသင်းဟာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်း သက်သေပြထားနိုင်ပါတယ်။

လက်ရှိ အင်္ဂလန်အသင်းမှာ ဟယ်ရီကိန်း ၊ ဟန်ဒါဆန် ၊ မက်ဂွိုင်းယား ၊ ဝေါ်ကာ ၊ စတာလင်း ၊ ဂျွန်စတုန်းတို့လို ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ ရှိနေသလို ဒီကလန်ရိုက်စ် ၊ ဖိုဒန် ၊ ရက်ဖို့ဒ် ၊ အာနိုးလ် ၊ ဘယ်လင်ဟမ်တို့လို အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် ကစားသမားတွေလည်း ရှိနေသေးတာကြောင့် အင်္ဂလန်အသင်းဟာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဗိုလ်စွဲနိုင်ချေ ရှိတဲ့ အသင်းတွေထဲက တသင်း အဖြစ် ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်းက သတ်မှတ်ခဲ့ပါတယ်။

Photo Credit: Express

ရိုင်ကိန်းက – “အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်စွမ်း ရှိပါတယ်။ သူတို့မှာ ရှိတဲ့ ကြယ်ပွင့် ကစားသမားတွေ ၊ ပြီးတော့ လူငယ် ကစားသမားတွေရဲ့ တိုးတက်နိုင်စွမ်းတွေကြောင့် သူတို့အသင်းက ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာနိုင်ပါတယ်။ လာမယ့် လအနည်းငယ် အတွင်းမှာ ဖြစ်လာနိုင်တဲ့ ဒဏ်ရာပြဿနာတွေ ၊ တခြား အကြောင်းအရာတွေကြောင့် သူတို့အသင်းရဲ့ အလားအလာက ပြောင်းလဲနိုင်ချေ ရှိပေမယ့် ကျွန်တော်ကတော့ ဒီအချိန်မှာ အင်္ဂလန်အသင်းဟာ အခြား ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ချန်ပီယံလုနိုင်စွမ်း ရှိနေပြီလို့ မြင်ပါတယ်” လို့ သုံးသပ်သွားခဲ့တာပါ။