ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၃-၁ လီဗာပူး ပွဲစဉ်မှာ ခံစစ်အမှားတွေ အများကြီး ကျူးလွန်ခဲ့တဲ့ လီဗာပူးရဲ့ ခံစစ်ကြောင်းကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးတို့က ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ ချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲစဉ် တပွဲ ဖြစ်ပြီး နှစ်သင်းစလုံးက အနိုင်ရရှိရေး အတွက် အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: Independent

အဆိုပါပွဲမှာ နှစ်သင်းစလုံးက အတောင့်တင်းဆုံး လူစာရင်းတွေကို ထုတ်သုံးခဲ့ကြပြီး အိမ်ရှင် အာဆင်နယ်က လီဗာပူးထက် ရမှတ် ပိုနည်းနေတာကြောင့် မဖြစ်မနေ အနိုင် ကစားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားခဲ့ကာ ဧည့်သည် လီဗာပူးကတော့ အနိုင်ရဖို့ထက် မရှုံးနိမ့်ဖို့ကိုသာ ဦးတည်ကာ ယှဉ်ပြိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၄မိနစ်မှာ ဆာကာက အာဆင်နယ် အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် ၄၅+၃မိနစ်မှာ လူးဝစ် ဒီယက်ဇ်ရဲ့ တားဆီးဖို့ ခက်တဲ့ တိုးအားကြောင့် လီဗာပူးတို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ တဖက် တဂိုးစီ သရေကျနေပြီးနောက် နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ်ဆင်မှုတွေ လုပ်ခဲ့ပေမယ့် ဂိုးရနိုင်လောက်တဲ့ အပိုင်အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ပဲ ပွဲချိန် ၆၇မိနစ်မှာ လီဗာပူး အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ဂိုးသမား အယ်လီဆန်တို့ ကြားထဲမှာ နားလည်မှုလွဲရာ ကနေ မာတီနယ်လီက အိမ်ရှင်အတွက် ဦးဆောင်ဂိုး တဂိုး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Sky Sports

၂-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် လီဗာပူးက ချေပဂိုး ပြန်ရဖို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ဆာလာ မပါဝင်တဲ့ သူတို့ရဲ့ တိုက်စစ်က အတော်လေးကို အားနည်းနေပြီး ပွဲချိန် ၉၀+၂မိနစ်မှာ လူစားဝင် အာဆင်နယ် တောင်ပံတိုက်စစ် ကစားသမား ထရော့ဆက်က အဲလိယက် ၊ ဒီယက်ဇ်နဲ့ အယ်လီဆန်တို့ရဲ့ အမှားတွေ ကနေ အာဆင်နယ်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ် ၃-၁ လီဗာပူး ပွဲစဉ်မှာ လီဗာပူးရဲ့ ခံစစ်ကြောင်းကို အဓိက ဦးဆောင်ခဲ့တဲ့ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့က ကြီးမားတဲ့ အမှားတွေ လုပ်ခဲ့ကြပြီး ရိုင်ကိန်းကလည်း လီဗာပူးရဲ့ ခံစစ်ကြောင်းဟာ အပျော်တမ်းကလပ်ရဲ့ ခံစစ်ကြောင်းလို ဖြစ်နေပြီလို့ ဝေဖန်လိုက်ပါတယ်။ ရိုင်ကိန်းက – “ဒီနေ့ပွဲမှာ ပွဲစကနေ ပွဲပြီးတဲ့ အထိ လီဗာပူးရဲ့ ကစားအားက အတော်လေး ဆိုးရွားခဲ့တယ်လို့ ပြောရပါမယ်။ အာဆင်နယ်ကိုတော့ ချီးကျူးချင်ပါတယ်။ သူတို့က လိုချင်တဲ့ နိုင်ပွဲကို ရအောင် ယူနိုင်ခဲ့သလို ကောင်းကောင်းလည်း ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ ခံစစ်ကြောင်းက အတော်လေး ဆိုးရွားခဲ့ပါတယ်။ သူတို့ပေးလိုက်ရတဲ့ ဂိုးတွေကလည်း မပေးသင့်တဲ့ ဂိုးတွေပါ။ လီဗာပူးရဲ့ ခံစစ်ကစားပုံက အပျော်တမ်းအသင်းရဲ့ ခံစစ်ကစားပုံလိုပါပဲ” လို့ ပြောကာ လီဗာပူးကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။