ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ အာဆင်နယ်တို့ ရှုံးပွဲ ကြုံတွေ့ခဲ့ရတာဟာ နည်းပြဖြစ်သူ အာတီတာရဲ့ လူထုတ်ပုံ ညံ့ဖျင်းမှုကြောင့် ဖြစ်ကြောင်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ အာဆင်နယ်က အက်ဖ်အေဖလား ၃၂သင်းအဆင့် အဖြစ် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရာ မန်ချက်စတာ စီးတီး နောက်ခံလူ အကီရဲ့ တလုံးထဲသော သွင်းဂိုးကို ပြန်လည် ချေပနိုင်ခြင်း မရှိခဲ့တာကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီး ၁-၀ အာဆင်နယ် ပွဲစဉ်မှာ အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ မာတီနယ်လီ ၊ အိုဒီဂတ် ၊ ဇင်ချန်ကို ၊ ဆာလီဘာနဲ့ ရမ်စဒယ်တို့ကို ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခဲ့ပြီး ထရော့ဆက် ၊ ဗီအဲရာ ၊ တီယာနေး ၊ ဟိုးဒင်းနဲ့ တာနာတို့ကို အစားထိုး အသုံးပြုခဲ့ပါတယ်။

မာတီနယ်လီနဲ့ အိုဒီဂတ်တို့ရဲ့ နေရာကို ထရော့ဆက်နဲ့ ဗီအဲရာတို့က အကောင်းဆုံး အစားဝင် ကစားနိုင်ခဲ့ပေမယ့် တီယာနေး ၊ ဟိုးဒင်းနဲ့ တာနာတို့ကတော့ ဇင်ချန်ကို ၊ ဆာလီဘာနဲ့ ရမ်စဒယ်တို့လောက် မကောင်းခဲ့ကြပဲ ခံစစ်ပိုင်းမှာ အပြောင်းအလဲ များပြားခဲ့မှုကြောင့် အာဆင်နယ်ရဲ့ ခံစစ်ပိုင်းဟာ အတော်လေးကို လျော့တိလျော့ရဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်းကလည်း ခံစစ်ပိုင်း လျော့ရဲသွားမှုကို ထောက်ပြ ဝေဖန်သွားခဲ့ပြီး ရိုင်ကိန်းက သူဟာ အာတီတာရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲကိုသာ အာရုံစိုက်ချင်မှုကို နားလည်ပေမယ့် မလိုအပ်ပဲ ခံစစ်ကြောင်းမှာ ဂိုးသမားနေရာက အစ အပြောင်းအလဲ လုပ်ခဲ့မှုဟာ အာဆင်နယ်ကို ရှုံးပွဲကြုံတွေ့စေခဲ့တဲ့ အဓိက အကြောင်းပြချက် ဖြစ်ခဲ့ကြောင်း ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

ရိုင်ကိန်းက – “ဒီလိုပွဲမျိုးမှာ ကစားသမား အပြောင်းအလဲ အများကြီး လုပ်လိုက်တာက အတော်လေး အလောင်းအစား ဆန်တဲ့ လုပ်ရပ်တခုပါ။ အထူးသဖြင့် ဂိုးသမားနေရာ အပါအဝင် ခံစစ်ကြောင်းမှာ အပြောင်းအလဲ အများကြီး လုပ်ခဲ့တာမျိုးပေါ့။ ကျွန်တော်တို့က အာတီတာဟာ သူ့ရဲ့ လူစာရင်းကို ၁နေရာ ၊ ၂နေရာလောက်ပဲ အပြောင်းအလဲ လုပ်မယ်လို့ ထင်ခဲ့ကြပေမယ့် မထင်မှတ်ပဲ သူက ခံစစ်ကြောင်းမှာ အပြောင်းအလဲ အများကြီး လုပ်သွားခဲ့ပါတယ်။ မန်ချက်စတာ စီးတီးလို ထိပ်တန်း တိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ဒီလိုမျိုး လုပ်လို့ မရပါဘူး။ အာဆင်နယ်က အဖွင့်ကောင်းနေတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ခံစစ်ကြောင်းမှာ အပြောင်းအလဲ အများကြီး လုပ်ခဲ့တာက ကောင်းတဲ့ ဆုံးဖြတ်ချက် တခု မဟုတ်ပါဘူး။ လူတွေကတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ဒီပြိုင်ပွဲကို လက်လျှော့ခဲ့တာလို့ ပြောကောင်း ပြောကြပါလိမ့်မယ်။ ဒါပေမယ့် အခုမှ ဇန်နဝါရီပဲ ရှိပါသေးတယ်။ တကယ်လို့ သူတို့ကသာ မျှော်မှန်းထားသလို မဖြစ်လာခဲ့ရင် အက်ဖ်အေဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရမှုဟာ အာတီတာ အတွက် ဝန်ထုပ်ဝန်ပိုး တခု ဖြစ်လာပါလိမ့်မယ်” လို့ ဝေဖန်သွားခဲ့တာပါ။