မြန်မာ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ကောင်းမြတ်သူက လာအိုလိဂ်ရဲ့ ထိပ်သီးအသင်း ဖြစ်တဲ့ Young Elephantအသင်းဆီ ရာသီဝက်စာချုပ်နဲ့ ပြောင်းရွှေ့နိုင်ခဲ့ကြောင်း ကောင်းမြတ်သူရဲ့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ဖော်ပြလာခဲ့ပါတယ်။

Young Elephant FCက လာအိုလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း နိုင်ပွဲတွေ တောက်လျှောက် ရယူထားနိုင်တာကြောင့် ရာသီဝက်ချန်ပီယံ အဖြစ် အောင်ပွဲခံထားနိုင်ပါတယ်။

Photo Credit: Ko Ye Naing Win Facebook Account

ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့ပေမယ့် Young Elephant FCက သူတို့အသင်းရဲ့ ကစားသမား အင်အားကို ထပ်မံ တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ခြေစွမ်းတက်နေတဲ့ မြန်မာ လူငယ် တိုက်စစ်မှူး ကောင်းမြတ်သူကို ရာသီဝက်စာချုပ်နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Young Elephant FCက ကောင်းမြတ်သူကို ရာသီဝက်စာချုပ်နဲ့ ခေါ်ယူခဲ့တာ မှန်ပေမယ့် ကောင်းမြတ်သူရဲ့ ခြေစွမ်းအပေါ် မူတည်ကာ စာချုပ်သစ် ထပ်ချုပ်မယ့် အလားအလာတွေ ရှိနေပြီး Young Elephant FCက ကောင်းမြတ်သူရဲ့ ခြေစွမ်းကို နှစ်သက်ရင် AFC Cup အတွက် စာချုပ်သစ် ထပ်ချုပ်မယ်လို့ ကိုရဲနိုင်ဝင်းက ဆိုပါတယ်။

Photo Credit: Ko Ye Naing Win Facebook Account

ကောင်းမြတ်သူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ကိုရဲနိုင်ဝင်းက အခုလိုပဲ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ဖော်ပြထားခဲ့ပါတယ်။ ကိုရဲနိုင်ဝင်းက – “မြန်မာလူငယ် တိုက်စစ်မှူး ကောင်းမြတ်သူကို လာအိုချန်ပီယံကလပ် Young Elephant FCက ရာသီဝက်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ လာအိုလိဂ်က ပထမရာသီဝက် ပြီးသွားတဲ့ အတွက် ဒုတိယ ရာသီဝက် အတွက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပလေယာရဲ့ Performanceပေါ် မူတည်ပြီး AFC Cup အတွက် သက်တမ်းတိုးပေးမယ့် Optionပါ ပါဝင်ပါတယ်။ Young Elephant ကလပ်က လာအိုလိဂ်ရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ဒီရာသီအတွက်လည်း အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံ ကာကွယ်နိုင်ဖို့ ရေပန်းစားနေတဲ့ အသင်း ဖြစ်ပါတယ်။ အသက် ၂၃နှစ် အရွယ် တိုက်စစ်မှူး ကောင်းမြတ်သူရဲ့ Deal အပြည့်အစုံ Reviewကို ပရိသတ်တွေ အတွက် တင်ဆက်ပေးပါမယ်။ လေးစားစွာဖြင့် ရဲနိုင်ဝင်း (မြန်မာစပါယ်ရှယ်)” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။