ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူးလည်းဖြစ် နည်းပြဟောင်းလည်း ဖြစ်တဲ့ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ သမီးတဦး ဖြစ်သလို လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမျိုးသမီးအသင်းမှာ ပါဝင် ကစားနေတဲ့ ကာနာ ဆိုးလ်ရှား ကတော့ ပွဲထွက်ခွင့် ပိုလိုချင်တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာတော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: Daily Mail

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ကာနာ ဆိုးလ်ရှားဟာ သူမရဲ့ ဖခင်နည်းတူ တိုက်စစ်မှူး အဖြစ် ကစားသူ တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ယူ-၁၈ အမျိုးသမီးအသင်းမှာ သူမရဲ့ ဂိုးသွင်း စွမ်းရည်ကောင်းကို ထုတ်ပြနိုင်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက်ရဲ့ စီနီယာ အမျိုးသမီးအသင်းထံ ခေါ်ယူခြင်း ခံခဲ့ရသူပါ။

ကာနာ ဆိုးလ်ရှားက ငယ်ရွယ်ပြီး အလားအလာ ရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် စီနီယာအသင်းထံ ရောက်ရှိချိန်မှာတော့ သူမ မျှော်လင့်ထားသလောက် ကစားခွင့် မရတာကြောင့်ပဲ စိတ်ပျက် အားငယ်ခဲ့ရပြီး သူမရဲ့ မျှော်လင့်ချက် ပန်းတိုင် တခု ဖြစ်တဲ့ နော်ဝေအမျိုးသမီး လက်ရွေးစင် ဖြစ်ဖို့ ရာသီကုန်ရင် ပွဲထွက်ခွင့် ပိုရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ကာနာ ဆိုးလ်ရှားက မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် နော်ဝေ တတိယတန်း ကလပ်တခု ဖြစ်တဲ့ AaFK Fortunaဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ကြောင်း သိရပါတယ်။