ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ရူမင်နစ်ဂီဟာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ဝင်ပြိုင်မလားလို့ အမေးခံရတဲ့ အချိန်မှာ ခေါ်ယူနိုင်မှာ မဟုတ်ကြောင်း နဲ့ အပြောင်းအရွေ့ ငွေကြေး ပမာဏကို တက်နိုင်မှာ မဟုတ်ကြောင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ယခုအပတ်ရဲ့ အင်္ဂါနေ့မှာ ဘာစီလိုနာအသင်းကို အသင်းကနေ ထွက်သွားချင်တယ်လို့ အကြောင်းကြားခဲ့ပြီးနောက် ဘောလုံး သမိုင်းမှာ သူ့ရဲ့ အပြောင်းအရွှေ့ သတင်းက လက်ရှိအချိန်မှာ ဟိုလေးတစ်ကျော် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာ (၁၆) နှစ်ကြာ ကစားလာခဲ့တဲ့ တစ်လျှောက် ပြိုင်ပွဲစုံ ပွဲစဉ် (၇၃၁) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၆၃၄) ဂိုး နဲ့ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၂၈၅) ဂိုး ပြုလုပ်ထားပြီး ဘလွန်းဒီအော်ဆုကို (၆) ကြိမ်အထိ ရရှိနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်အသင်းကို ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ (၈-၂) ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် မက်ဆီက အသင်းကနေ ထွက်သွားမယ်လို့ ပြောခဲ့ပြီး ဘိုင်ယန်အသင်းရဲ့ ဥက္ကဌ ရူမင်နစ်ဂီကတော့ မက်ဆီကို ခေါ်ယူဖို့ ငွေကြေး မတတ်နိုင်ဘူးလို့ ပြောသွားပါတယ်။

Photo Credit: Dailymail

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ရူမင်နစ်ဂီဟာ ဘိုင်ယန်အသင်းအနေနဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ဝင်ပြိုင်မလားလို့ Tuttosport မှာ အမေးခံရတဲ့ အချိန်မှာ သူက “ခေါ်ယူဖို့ မပြိုင်နိုင်ပါဘူး။ ကျွန်တော်တို့ အဲဒီလောက် ပမာဏကို မတတ်နိုင်ပါဘူး။ ဒီအပြောင်းအရွေ့က ကျွန်တော်တို့ရဲ့ အတွေးအခေါ် နဲ့ မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရမယ် ဆိုရင် မက်ဆီ အသင်းက ထွက်သွားမယ်လို့ ကြားရတုန်းက ကျွန်တော် အနည်းငယ် ဝမ်းနည်းမိတယ်။ လီယိုက အဲဒီအသင်းမှာ သမိုင်းတွေ များစွာ ရေးခဲ့ပြီး ကျွန်တော့်ရဲ့အမြင်မှာ သူ ဘာစီလိုနာအသင်းမှာ ကစားသမားဘဝ ကုန်ဆုံးသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ဒီဟာက အတွင်းရေး နဲ့ ပုဂ္ဂိုလ်ရေးတွေ ပါဝင်နေတာကြောင့် ကျွန်တော် ဒီအကြောင်းကို သိပ်ပြီးတော့ မသိဘူး။ ဒါကြောင့် ကျွန်တော် ဒီအကြောင်းကို ဝင်မပြောချင်ပါဘူး”လို့ ပြန်လည် ဖြေကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။