နယူးကာဆယ်ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်တဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ အရခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး အပါအဝင် သူတို့အသင်းရဲ့ ဒုတိယဦးစားပေး ဂိုးသမား ကားလ်ဒါလိုးကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : The Sun
နယူးကာဆယ်အသင်းရဲ့ ဆလိုဗက်ကီးယားလက်ရွေးစင် ဂိုးသမား ဒူဘရေကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ အသင်းအတွက် လက်စွမ်းပြနိုင်ခဲ့ပေမယ့်လည်း နယူးကာဆယ်က နောက်ထပ်ဂိုးသမားတစ်ဦးအဖြစ် ဒင်းဟန်ဒါဆန်ကို ခေါ်ယူသွားချင်နေတဲ့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ စတုတ္ထဦးစားပေး လီဂရန့်က ရုတ်တရက် ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့တာကြောင့် ဒင်းဟန်ဒါဆန်ကို ရောင်းချ (သို့) အငှားချလိုက်မယ်ဆိုရင် အသင်းရဲ့ စီနီယာဂိုးသမား(၂)ဦးကို ဆုံးရှုံးရမယ့် ဖြစ်တဲ့အတွက် ဒင်းဟန်ဒါဆန်ကို အသင်းမှာပဲ ဆက်ထားဖို့က အခြေအနေပိုများလာခဲ့ရပါတယ်။
Photo Credit : The Sun
ဒီအခြေအနေကို ပြေလည်အောင် လုပ်ဆောင်နိုင်ဖို့အတွက် နယူးကာဆယ်အသင်းက သူတို့ရဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ ကားလ်ဒါလိုးကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်ဂိုးသမား ကားလ်ဒါလိုးဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ပရီးမီးယားလိဂ်(၈)ပွဲသာ ပါဝင်ခဲ့ရပြီး ပေးဂိုး(၁၅)ဂိုးထိ ခွင့်ပြုထားခံခဲ့ရပါတယ်။ နယူးကာဆယ်ဘက်ကတော့ ဒင်းဟန်ဒါဆန်ကို အပြီးသတ် ခေါ်ယူချင်ပေမယ့် ယူနိုက်တက်က သူတို့ဂိုးသမားကို တစ်ရာသီအငှားနဲ့သာ ထွက်ခွာခွင့်ပြုနိုင်တာကြောင့် နယူးကာဆယ်အနေနဲ့ ဟန်ဒါဆန်ကို အငှားခေါ်ယူပြီး ဒါလိုးကို ယူနိုက်တက်အသင်းဆီ အငှားပြန်ချပေးဖွယ် ရှိနေပါတယ်။ ဟန်ဒါဆန်အနေနဲ့ကလည်း လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့်ရဖို့အတွက် ကလပ်အသင်းမှာပါ ပုံမှန်ကစားခွင့်တွေ ခပ်များများရရှိဖို့ လိုအပ်နေတဲ့အတွက် ဒဟေးယားကိုသာ နေရာပိုပေးနေတဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချင်နေတာ ဖြစ်ပါတယ်။