MySport Myanmar

ဆဲလ်တစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ထပ်မံ လွဲချော်ရဦးမယ့် ဘန်ဇီမာ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကာရန်ဘန်ဇီမာဟာ သူရဲ့ ဒဏ်ရာပြသာနာကြောင့် မနက်ဖြန်ညမှာ ယှဉ်ပြိုင်သွားရမယ့် ဆဲလ်တစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ကိုပါ ထပ်မံပြီး လွဲချော်သွားရဦးမယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

2022 Ballon d’Or ဆုရှင်ကြီး ဘန်ဇီမာဟာ လက်ရှိမှာ ကြွက်သားဝေဒနာကို ခံစားနေရတာကြောင့် ဆီဗီလာနဲ့ လာလီဂါပွဲ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲ ဟီရိုနာနဲ့ လာလီဂါပွဲတွေကို ဆက်တိုက် လွဲချော်ထားခဲ့ရသလို အခုလည်း ဆဲလ်တစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကိုပါ ထပ်မံ လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။ ဘန်ဇီမာ မပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာ ဆီဗီလာနဲ့ တစ်ပွဲတည်းကိုသာ အနိုင်ရထားခဲ့ပြီး လိုက်ပ်ဇစ်ကို ရှုံးနိမ့်ခဲ့သလို ဟီရိုနာနဲ့ပွဲမှာလည်း ပင်နယ်တီကနေ ချေပဂိုး ပြန်လည် ခွင့်ပြုခဲ့ရင်းနဲ့ တစ်ဂိုးစီ သရေကျရင်း အမှတ် ဆုံးရှုံးထားခဲ့ရပါတယ်။

Photo Credit : 90Min

လက်ရှိ ရီးယဲလ် ရင်ဆိုင်သွားရမယ့် ဆဲလ်တစ်က ချန်ပီယံလိဂ်ကနေ ထွက်ခွာထားပြီးသား အသင်းဖြစ်သလို ရီးယဲလ်တို့ အုပ်စုထဲမှာ အားအနည်းဆုံး အသင်းဖြစ်နေပေမယ့် ရီးယဲလ်အသင်းအတွက်က အုပ်စုဗိုလ်နေရာ ရယူနိုင်ဖို့အတွက် ဒီပွဲမှာ အမှတ်ကို ရသလောက် ယူထားဖို့ လိုအပ်နေပါတယ်။ ဒီလို ပွဲစဉ်မျိုးမှာ ရီးယဲလ်အနေနဲ့ အသင်းအတွက် အရေးပါလှတဲ့ ဘန်ဇီမာလို ကစားသမားမျိုးကို အနားပေးထားရတာက နစ်နာမှုတွေ ရှိလာနိုင်သလို အသင်းက နောက်ဆုံးကစားထားခဲ့တဲ့ (၂)ပွဲဆက်တိုက်အထိ ရလဒ်မကောင်းထားတာကိုလည်း ရပ်တန့်နိုင်ဖို့ လိုအပ်နေရပါတယ်။ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးကြီး ဘန်ဇီမာဟာ ဒီရာသီမှာ ဒူးဒဏ်ရာ ကြွက်သားဒဏ်ရာတွေကြောင့် ရီးယဲလ်အသင်းရဲ့ ပွဲစဉ်အနည်းငယ်ကို လွဲချော်ထားခဲ့ရပြီး အသင်းအတွက် လာလီဂါသွင်းဂိုး (၅)ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာတော့ (၃)ပွဲကစားထားကာ ဂိုးပေါက်ပျောက်နေခဲ့ရပါတယ်။ Marca သတင်းစာရဲ့ ဖော်ပြချက်အရ ဘန်ဇီမာဟာ လေ့ကျင့်ခန်းတောင် ပြန်ဆင်းနေပေမယ့် သီးသန့်ပုံစံနဲ့သာ လေ့ကျင့်နေရတာကြောင့် အသင်းဘက်က သူ့ကို risk မယူလိုတာကြောင့် ဆဲလ်တစ်နဲ့ပွဲကို အနားပေးသွားဖို့ သေချာနေပြီး အဲ့ဒီပွဲမှာ ဘန်ဇီာရဲ့ အသင်းဖော် ကွင်းလယ်လူ ချူယာမန်နီလည်း လွဲချော်ရမယ်လို့ သိရပါတယ်။

Exit mobile version