စပိန်လာလီဂါရဲ့လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီရာသီရဲ့တစ်ပွဲတည်းသော ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် လာလီဂါကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂီတာဖေးအသင်းနဲ့ ခြေစမ်းခဲ့ရာမှာ (၆)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲစဉ်မှာ ရီးရဲလ်အသင်းက စီနီယာကစားသမားတွေများစွာကို သုံးစွဲလာခဲ့တဲ့အပြင် အကယ်ဒမီထွက် လူငယ်ကစားသမားလေး(၂)ယောက်ကိုလည်း ပူးတွဲသုံးစွဲလာခဲ့ပါတယ်။

Photo Credit : Twitter

ရီးရဲလ်အသင်းဟာ မနှစ်ကတစ်ရာသီလုံး သုံးစွဲလာခဲ့တဲ့ ၄-၃-၃ ကစားကွက်ကိုပဲ ဆက်လက်အသုံးပြုလာခဲ့ကာ ဘန်ဇီမာ ဗင်နီဆီယပ်စ် မိုဒရစ် ကတ်စ်မဲလ်ရိုး မာဆယ်လို ရာမို့စ် မီလီတာအို ကာဗာဂျယ် ကော်တွိုက်စ်တို့လို စီနီယာကစားသမားတွေအပြင် အကယ်ဒမီထွက် ကစားသမားလေးတွေဖြစ်တဲ့ အာရီဘတ်စ်နဲ့ မာဗင်တို့ကိုပါ တွဲဖက်အသုံးပြုလာခဲ့ပါတယ်။ စီနီယာကစားသမား(၉)ယောက်အထိကို အသုံးပြုလာခဲ့တဲ့ ရီးရဲလ်အသင်းဟာ ဂီတာဖေးအသင်းကို သက်တောင့်သက်သာနဲ့ ကစားသွားခဲ့ပြီး (၆)ဂိုးပြတ်နဲ့ကို ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Evening Standard

ရီးရဲလ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ မနှစ်က ဘောလုံးရာသီအတွင်း အသင်းအတွက် သွင်းဂိုးများစွာ ရယူပေးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာတစ်ယောက်တည်းကပဲ (၄)ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းခေါင်းဆောင် နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်က တစ်ဂိုးနဲ့ အသက်(၁၈)နှစ်သာရှိသေးတဲ့ လူငယ်ကစားသမားလေး အာရီဘတ်စ်က တစ်ဂိုးစီသွင်းယူနိုင်ခဲ့ကြပါတယ်။ ဒီပွဲကို ရီးရဲလ်ရဲ့လူငယ်ကွင်းဖြစ်တဲ့ ဒီစတီဖာနိုကွင်းအတွင်းမှာ ရုပ်သံကင်မရာတွေနဲ့ ရိုက်ကူးမှုပါ မပြုလုပ်ပဲ ကျင်းပသွားခဲ့တာဖြစ်လို့ ပရိသတ်အများစုကပါ ဒီပွဲကို သတိမထားမိခဲ့ပဲ ဖြစ်သွားခဲ့ရပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်အသင်းရော ဂီတာဖေးအသင်းကပါ စပိန်လာလီဂါပွဲစဉ်(၁)ကို ဝင်ရောက်ဆင်နွဲထားရခြင်းမရှိသေးပဲ လာမယ့် Weekend မှာ ကျင်းပသွားမယ့် လာလီဂါပွဲစဉ်(၂)မှသာ အသီးသီးစတင်ကစားရမှာဖြစ်ပါတယ်။ ရီးရဲလ်အသင်းကတော့ ပွဲစဉ်(၂)မှာ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ အဝေးကွင်းပွဲကျပ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ဂီတာဖေးကတော့ အိမ်ကွင်းမှာ အိုဆာစူနာအသင်းကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့်ရော အိမ်ကွင်းဘာနေဗျူးကွင်းကိုပါ ပြင်ဆင်နေမှုကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှာ ငွေကြေးသုံးစွဲမှု သိပ်မရှိလှပဲ ကစားသမားတွေကိုသာ အသင်းကနေ ထွက်ခွာခွင့်ပြုနေရပါတယ်။