MySport Myanmar

ဒီရာသီ သူရဲ့အောင်မြင်မှုတွေမှာ ရော်နယ်လ်ဒိုရဲ့ လှုံဆော်နိုင်မှုတွေ ပါဝင်တယ်လို့ ဘန်ဇီမာဆို

ဒီနှစ်ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဥရောချန်ပီယံလိဂ်ဖလားနဲ့ စပိန်လာလီဂါဖလားတို့ကို ပိုင်ဆိုင်ခဲ့သလို အသင်းအတွက်ကိုလည်း သွင်းဂိုးတွေများစွာ သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာက ဒီရာသီ သူရဲ့အောင်မြင်မှုတွေဟာ သူရဲ့အသင်းဖော်ဟောင်းဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ လှုံဆော်မှုတွေ ပါဝင်နေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဘန်ဇီမာဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် (၄၆)ပွဲကစား (၄၄)ဂိုးသွင်းယူပြီး အသင်းနဲ့အတူ အဓိကဆုဖလားနှစ်ခုကို ရယူနိုင်ခဲ့တာကြောင့် ၂၀၂၂ ဘာလွန်းဒေါဆုကိုပါ ပထမဆုံးအကြိမ် ရယူနိုင်ဖို့ အခြေအနေကောင်းလို့နေတာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းအတွက် ဆယ်စုနှစ်တစ်ခုကျော်အကြာ ပါဝင်ကစားထားပေးခဲ့သူ ဘန်ဇီမာက နှစ်အတန်ကြာအောင် အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုရဲ့လောင်းရိပ်မှာ ကျရောက်ခဲ့ရပေမယ့် အသင်းမှာ ရော်နယ်လ်ဒို မရှိတော့တဲ့နောက်ပိုင်း ဘန်ဇီမာဟာ အသင်းရဲ့ တိုက်စစ်တာဝန်ကို အဓိကနေရာကနေ ထမ်းဆောင်လာခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာလည်း ကစားသမားဘဝရဲ့ အကောင်းဆုံး ဘောလုံးရာသီအဖြစ် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

အကောင်းဆုံးခြေစွမ်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ Ballon d’Or ဆုကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေ အလွန်ကောင်းမွန်နေရတဲ့ ဘန်ဇီမာက သူရဲ့အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး “သူကစားတာကို ကြည့်လိုက်ရချိန်မှာ သူလုပ်ဆောင်သမျှအားလုံးကို နားလည်ဖို့ ကြိုးစားခဲ့ပါတယ်။ သွင်းဂိုးတွေ ဂိုးကန်ချက်တွေ ပေးပို့မှုတွေ ဘောလုံးထိန်းသိမ်းမှုတွေ။ ရော်နယ်လ်ဒိုနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော် ခွဲခြမ်းစိပ်ဖြာထားပါတယ်။ အဲ့ဒါကြောင့်ပဲ ရော်နယ်လ်ဒိုလို အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ပြောနိုင်ခဲ့တာပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဘန်ဇီမာဟာ ဒီလို ကလပ်အသင်း အောင်မြင်မှုသာမကပဲ ပြင်သစ်လက်ရွေးစင်အသင်းအတွက်ပါ ပြန်လည်ပါဝင်ခွင့် ရရှိခဲ့ပြီးနောက် အသင်းနဲ့အတူ ၂၀၂၀-၂၀၂၁ UEFA Nations League ဆုဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီး သူရဲ့လက်ရွေးစင်ဘဝ ပထမဆုံး ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေကြောင့် ဘန်ဇီမာဟာ ၂၀၂၂ခုနှစ်ရဲ့ ဘာလွန်းဒေါဆုအတွက် သေချာသွားခဲ့ရတာဖြစ်ပြီး ဒီဆုနဲ့လည်း အထိုက်တန်ဆုံး ကစားသမားအဖြစ်ပါ လက်ခံရတော့မှာ ဖြစ်ပါတယ်။

Exit mobile version