မနေ့ညက အယ်တီဟတ်ကွင်းမှာ မန်စီးတီးအသင်းနဲ့ ရီးယလ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာ မန်စီးတီးက (၄)ဂိုး (၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်အတွက် အခွင့်အလမ်း ပိုသာသွားခဲ့တာကြောင့် စပိန်မြေ ဘာနေဗျူးကွင်းမှာ ကစားရမယ့် ဒုကျော့ပွဲစဉ်မှာ စီးတီးကို အနိုင်ယူပြီး ဖိုင်နယ်ကို တတ်လှမ်းနိုင်ဖို့အတွက် ပဥ္စလက်ဆန်တဲ့ အရာတွေ လုပ်ဆောင်ရလိမ့်မယ်လို့ ရီးယဲလ်တိုက်စစ်မှူးကြီး ကာရင်ဘန်ဇီမာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Karim Benzema: Panenkas, hat-tricks and a Ballon d'Or? | The Week UK

Photo Credit : The Week UK

ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပွဲစဉ်ပေါင်း(၆၀၀)ပြည့်မြောက်အဖြစ် ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဘန်ဇီမာဟာ သူရဲ့ အမှတ်တရပွဲမှာ ရှုံးပွဲတွေ့ခဲ့ရပေမယ့် အသင်းအတွက် အရေးပါတဲ့ ချေပဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးအများသွင်းယူထားသူပါ ဖြစ်လာခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့ပတ်သက်ပြီး ဘန်ဇီမာက “ရှုံးနိမ့့်ခြင်းဆိုတာ ဘယ်တော့မှ မကောင်းပါဘူး။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့တွေ အဆုံးစွန်အထိ ဘယ်တော့မှကို အရှုံးမပေးခဲ့တာပါပဲ”

Man City let Real Madrid off the hook in seven-goal Champions League classic

Photo Credit : Yahoo

“အခုတော့ ကျွန်တော်တို့ ဘာနေဗျူးကို သွားရပါတော့မယ်။ အရင်ကလို အသင်းပရိသတ်များစွာကို လိုအပ်ပါလိမ့်မယ်။ နိုင်ပွဲအတွက် ပဥ္စလက်ဆန်တဲ့ အရာတွေ လုပ်ဆောင်သွားရပါလိမ့်မယ်” လို့ Movistar နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ညကပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ ဘန်ဇီမာဟာ ဒီရာသီမှာ ရီးယဲလ်အတွက် (၄၁)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး (၄၁)ဂိုး သွင်းယူထားနိုင်တဲ့အထိ ခြေစွမ်းပြသထားနိုင်ခဲ့သလို လာလီဂါမှာရော ဥရောပချန်ပီယံလိဂ်မှာပါ သွင်းဂိုးအများဆုံး သွင်းယူထားနိုင်သူအဖြစ် ရပ်တည်နေနိုင်ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဘန်ဇီမာနဲ့ပတ်သက်ပြီး သူရဲ့ ကလပ်အသင်းဖော် ဗင်နီစီယပ်စ်က “ကာရင်ဘန်ဇီမာအကြောင်း ခင်ဗျား ဘာပြောနိုင်မလဲ။သူက ကစားသမားကောင်းတစ်ယောက်ပါ။ သူက ကျွန်တော့်အတွက် အစ်ကိုတစ်ယောက်လိုပဲ။ သူ ဒီရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးပြီး ဘာလွန်းဒေါဆုနဲ့ပါ အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါစို့” လို့ ပြောကြားထားခဲ့ပါတယ်။ ဘန်ဇီမာနဲ့ ဗင်နီစီယပ်စ်တို့ တိုက်စစ်အတွဲအဖက်ဟာ ရီးယဲလ်အသင်းအတွက် အကောင်းဆုံးပုံစံ ပြသနေလျက်ရှိပြီး မန်စီးတီးနဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုးတွေကို ဒီကစားသမားနှစ်ဦးတည်းကသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။