ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာဟာ အခုနှစ် ဘောလုံးရာသီအတွင်း အသင်းအတွက် အကောင်းဆုံး တိုက်စစ်စွမ်းဆောင်ရည်တွေ ပြသလျက် ရှိလို့နေပြီး စပိန်လာလီဂါပြိုင်ပွဲမှာပဲ သူ သွင်းယူထားနိုင်တဲ့ သွင်းဂိုးအရေအတွက် ဂိုးဖန်တီးမှု အရေအတွက်တို့ကို ပေါင်းကြည့်လိုက်မယ်ဆိုရင် သူရဲ့ဂိုးပါဝင်ပတ်သက်မှုဟာ (၃၆)ဂိုးထိကို ရှိလာခဲ့ရပြီး ဒါဟာ ဒီရာသီရဲ့ ဥရောပထိပ်တန်း အမှတ်ပေးလိဂ်(၅)ခုအတွင်း goal contribution အများဆုံး ပမာဏ ဖြစ်လာခဲ့ရပါတယ်။

Photo Credit :  Eurosport

အသက်(၃၄)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘန်ဇီမာဟာ လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်ကတည်းက လိုင်ယွန်အသင်းကနေ ရီးယဲလ်အသင်းဆီ ရောက်ရှိနေတာဖြစ်ပြီး လက်ရှိမှာ သူရဲ့ စပိန်လာလီဂါ ကစားသမားဘဝ (၁၃)ရာသီမြောက်ကို ဖြတ်သန်းနေရတာဖြစ်သလို သူရဲ့ ရီးယဲလ်အသင်းနဲ့အတူ (၅)ကြိမ်မြောက် လာလီဂါ အမှတ်ပေးဖလားနဲ့ တစ်ရာသီအတွင်း လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကိုပါ (၂)ရာသီဆက်တိုက် ပိုင်ဆိုင်နိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

Photo Credit : Planet Football

ဝါရင့်တိုက်စစ်မှူးကြီး ဘန်ဇီမာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လာလီဂါပွဲစဉ်ပေါင်း (၃၂)ပွဲပြီးနောက် သူရဲ့လာလီဂါသွင်းဂိုးက (၂၅)ဂိုးထိကို ရှိလို့နေပြီး သူရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေကြတဲ့ အက်စပန်ညိုတိုက်စစ်မှူး ဒီသောမတ်စ် ဂီတာဖေးတိုက်စစ်မှူး အူနယ်လ်တို့ထက် (၁၀)ဂိုးအထိ သာလွန်နေလို့ ဂိုးသွင်းဘုရင်ဆုကို နှစ်နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။ ဒါ့အပြင် ဘန်ဇီမာဟာ သွင်းဂိုးစွမ်းရည်သာ ကောင်းမွန်တာ မဟုတ်ပဲ သူရဲ့ဂိုးဖန်တီးမှုကလည်း (၁၁)ဂိုးအထိကို ရှိနေတာကြောင့် သူရဲ့ ဂိုးပါဝင်ပတ်သက်မှုက (၃၆)ဂိုးထိ ရှိနေရတာ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ လာလီဂါမှာတင်မကပဲ ဥရောပ စစ်မျက်နှာပြင်ဖြစ်တဲ့ ချန်ပီယံလိဂ်မှာပါ သွင်းဂိုး(၁၂)ဂိုးထိ သွင်းယူထားနိုင်ပြီး သူရဲ့အထက်မှာ (၁၃)ဂိုးနဲ့ ရပ်တည်နေတဲ့ လီဝန်ဒေါစကီးက ဘိုင်ယန်နဲ့အတူ ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်လို့ ဘန်ဇီမာက ဒီရာသီ ချန်ပီယံလိဂ်မှာပါ ချန်ပီယံလိဂ် ဆုဖလားကြီးရော ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးဆုတွေအပြင် သူတစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ ဘာလွန်းဒေါဆုအထိပါ မျှော်လင့်ချက် ရှိလာခဲ့ရပါတယ်။