MySport Myanmar

ဇီဒန်းသာ ပြင်သစ်နည်းပြ ဖြစ်လာခဲ့ရင် လက်ရွေးစင်အသင်းဆီ ဘန်ဇီမာ ပြန်လာဖွယ်ရှိ

ဝါရင့် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာက မနေ့ကပဲ ပြင်သစ်လက်ရွေးစင် ကစားသမားဘဝက အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပေမယ့် တကယ်လို့ ပြင်သစ်အသင်းမှာ နည်းပြအပြောင်းအလဲတစ်ခု ဖြစ်လာပြီး ပြင်သစ်နည်းပြရာထူးကို ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းသာ တာဝန်ယူခဲ့မယ်ဆိုရင် ဘန်ဇီမာအနေနဲ့ လက်ရွေးစင်အသင်းဆီ ပြန်လာနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

၂၀၂၂ခုနှစ်ရဲ့ Ballon d;Or ဆုရှင် ဘန်ဇီမာဟာ အခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုကို ခံနေရသူဖြစ်ပြီး ၂၀၂၂ကာတာကမ္ဘာ့ဖလားကြီး ကျင်းပခါနီးမှာလည်း ဒဏ်ရာ ထပ်ရသွားခဲ့တာကြောင့် ပြိုင်ပွဲတစ်ခုလုံးနဲ့ပါ လွဲချော်ခဲ့ရပါသေးတယ်။ ၂၀၁၈ရုရှားကမ္ဘာ့ဖလားတုန်းကလည်း sex tape အရှုပ်တော်ပုံကြောင့် ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား မဆင်နွဲခဲ့ရတဲ့ ဘန်ဇီမာဟာ ကမ္ဘာ့ဖလားနဲ့ကို ကံမစပ်တဲ့သူလို့ ဖြစ်နေရတဲ့အပြင် သူနဲ့ လက်ရှိ ပြင်သစ်နည်းပြ ဒီဒီယာဒေ့ရှောင့်တို့ကြားမှာလည်း မပြေလည်မှုတွေ ရှိနေတယ်လို့ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဘန်ဇီမာ မပါဝင်လာနိုင်တဲ့ ပြင်သစ်အသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားဖိုင်နယ်အထိ တတ်လှမ်းသွားခဲ့ရပေမယ့် ဖိုင်နယ်မှာ အာဂျင်တီးနားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဖိုင်နယ်ကြီး ကစားလို့အပြီး တစ်ရက်အကြာမှာပဲ ဘန်ဇီမာက သူ့အနေနဲ့ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာပေါ်ကနေ ထုတ်ပြန်လိုက်ပါတယ်။ ဒီလို အနားယူဖို့ မဆုံးဖြတ်ခင်ကတည်းက ဘန်ဇီမာဟာ ဖိုင်နယ်ပွဲအမီ ကြံခိုင်မှုတွေ ပြန်လည် ကောင်းမွန်နေ့သည်တိုင် ဒေ့ရှောင့်ရဲ့ ပြင်သစ်အသင်းနဲ့ ပူးပေါင်းဖို့ကို ငြင်းဆန်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။ လက်ရှိမှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် ဒေ့ရှောင့်ကိုပဲ ဆက်လက် ထားရှိမလား တခြားတစ်ဦးဦးကိုပဲ ပြောင်းလဲ ခန့်အပ်သွားမလားဆိုတာကို ဆုံးဖြတ်ရတော့မှာဖြစ်ပြီး တကယ်လို့သာ ဒေ့ရှောင့်နဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကိုသာ ပြင်သစ်နည်းပြအဖြစ် ခန့်အပ်လာခဲ့မယ်ဆိုရင်တော့ ဘန်ဇီမာအနေနဲ့ သူရဲ့ အနားယူမှုကို အဆုံးသတ်ကာ ဇီဒန်းနဲ့အတူ လက်ရွေးစင်အသင်းမှာ ပြန်လည် ပူးပေါင်းလာနိုင်တယ်လို့ Foot Mercato သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Exit mobile version