ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပြန်လည်မကစားမီမှာ လက်ကျန်ပွဲကစားချိန်တွေအတွင်း အသင်းဖော် ဗင်နီရှပ်စ်ကို ဘောလုံးပေးခြင်းမပြုလုပ်ဖို့အတွက် နောက်ခံအစွန်လူမန်ဒီကို ပြင်သစ်ဘာသာစကားနဲ့ မှာကြားနေမှုကို ကွင်းအတွင်းမှာ တပ်ဆင်ထားခဲ့တဲ့ ကင်မရာတွေကနေ ရိုက်ယူထားနိုင်ခဲ့ပြီး ဒီဖြစ်ရပ်ကိုလည်း လူသိရှင်ကြား ထုတ်ဖော်ခဲ့လိုက်တာကြောင့် ဘန်ဇီမာနဲ့ ဗင်နီရှပ်စ်တို့ရဲ့ကြားမှာ ဆက်ဆံရေးပိုင်းတွေက ပိုမိုဆိုးရွှားလာနိုင်ပေမယ့်လည်း စီနီယာဖြစ်တဲ့ ဘန်ဇီမာကပဲ သူရဲ့အပြစ်အတွက် စတင်တောင်းပန်လိုက်တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

မိုချန်ဂလာဘတ်အသင်းနဲ့ တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဗင်နီရှပ်စ်ဂျူနီယာက အခွင့်အရေးတွေကို ဖြုန်းတီးတာတို့ တစ်ကိုယ်ကောင်းဆန်တာတို့ လုပ်ချင်ကိုင်ချင်စိတ်တွေ များနေပြီး အသင်းဖော်တွေနဲ့လည်း သိပ်တွဲဖက်ကစားခြင်း မရှိတာတွေကြောင့် ဒါကို ဘန်ဇီမာက စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရကာ ဒုတိယပိုင်းမှာ သူ့ကို ဘောလုံးပေးခြင်း မပြုလုပ်ဖို့ သူရဲ့တစ်နိုင်ငံသားတည်းမန်ဒီကို မှာကြားခဲ့ပါတယ်။ ဒီလို မှာကြားနေချိန်မှာ ဘန်ဇီမာရဲ့စကားလုံးတွေကို ကင်မရာကနေ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒီကိစ္စကလည်း လူသိရှင်ကြား ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဘန်ဇီမာက မန်ဒီကို ဗင်နီရှပ်စ်ဆီ ဘောလုံးမပေးဖို့နဲ့ သူက ရီးရဲလ်အသင်းအတွက် ကစားပေးနေတာမဟုတ်ကြောင်း သူ့မိခင်ရဲ့အသက်နဲ့ပင် လောင်းကြေးထပ်ရဲတယ်ဆိုတဲ့အထိ ပြောဆိုခဲ့တာဖြစ်လို့ ဒီလိုစကားလုံးတွေက ဘန်ဇီမာနဲ့ ဗင်နီရှပ်စ်တို့ရဲ့ဆက်ဆံရေးပိုင်းကို အတော်လေးထိခိုက်သွားစေနိုင်ပါတယ်။ ဒါကြောင့် အသင်းမှာ နှစ်ပေါင်းရှည်ကြာစွာ ကစားနေသူဖြစ်သလို ဗင်နီရှပ်စ်ထက်လည်း အသက်အရွှယ်အားရော သမ္ဘာရောပိုကြီးတဲ့ ဘန်ဇီမာကပဲ သူရဲ့ပြောစကားတွေအတွက် ပြန်လည်တောင်းပန်သွားခဲ့တယ်လို့ စပိန်နာမည်ကျော်သတင်းမီဒီယာကြီး Marca ကနေ ဖော်ပြလာခဲ့ပါတယ်။ ဘန်ဇီမာဟာ ဗင်နီရှပ်စ်ကို ရီးရဲလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းအတွင်းမှာ တောင်းပန်စကားဆိုခဲ့တာဖြစ်ပြီး သူရဲ့ပြောစကားတွေအပေါ်မှာ အပြစ်မမြင်ပဲ ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။ တကယ်တော့ ဗင်နီရှပ်စ်ဟာ လူငယ်ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း ရီးရဲလ်နည်းပြဇီဒန်းက ယုံယုံကြည်ကြည်နဲ့ နေရာပေးခြင်းကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါပေမယ့် ငယ်ရွှယ်သေးတဲ့ ကစားသမားအများစုရဲ့ ပုံစံမျိုးအတိုင်း တစ်ကိုယ်ကောင်းဆန်ခြင်းတွေနဲ့ အသင်းဖော်တွေနဲ့ တွဲဖက်ကစားခြင်းမရှိပဲ တစ်ကိုယ်တော်စွမ်းရည်တွေ ပြသနိုင်ဖို့ကိုသာ အာရုံစိုက်လို့နေပါတယ်။