ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ယူရိုဖလားတို့ကို အရယူခဲ့ဖူးတဲ့ ပြင်သစ်ဂန္တဝင် ကစားသမားကြီး ကာရန်ဘူကတော့ ပရိသတ်တွေအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့အတူ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို စိတ်ရှည်ပေးဖို့ လိုအပ်သလို ပီအက်စ်ဂျီကသာ မက်ဆီဆီ ကနေ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို လိုချင်ရင် မက်ဆီကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ သူ့ရဲ့ ကစားသမား ဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ လမ်းခွဲကာ ပီအက်စ်ဂျီထံ ၂နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: CNN

မက်ဆီက ဘာစီလိုနာနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရရှိခဲ့သူ ဖြစ်တာကြောင့် ပီအက်စ်ဂျီထံ ရောက်ရှိချိန်မှာလည်း သူ့ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို မြင်တွေ့ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ မက်ဆီက ပြင်သစ်မြေမှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ သွင်းဂိုး ၄ဂိုးသာ သွင်းယူနိုင်တဲ့ အထိ ခြေစွမ်းကျဆင်းနေခဲ့ပါတယ်။

ဒါပေမယ့် တဖက်မှာ မက်ဆီရဲ့ ဂိုးဖန်တီးမှုစွမ်းရည်က ကျဆင်းသွားခြင်း မရှိပဲ မက်ဆီက လက်ရှိ ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြင်သစ် ဂန္တဝင် ကစားသမားကြီး ကာရန်ဘူကတော့ ပြင်သစ်မြေမှာ မက်ဆီ တယောက် ရုန်းကန်နေရတာကို အပြစ်မမြင်ပဲ ပီအက်စ်ဂျီက မက်ဆီကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်ရင် မက်ဆီရဲ့ ခြေစွမ်းကောင်းကို ပြန်လည် မြင်တွေ့ရနိုင်ကြောင်းပါ သုံးသပ် အကြံပေးသွားခဲ့ပါတယ်။

Photo Credit: CNN

ကာရန်ဘူက – “ခင်ဗျားတို့က မက်ဆီကို ဝီစီမှုတ်ပြီး ဝေဖန်ဖို့ မလိုအပ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက ကြယ်ပွင့် ကစားသမား တယောက် ဖြစ်နေလို့ပါ။ ပရိသတ်တွေက သူ့ကို လှောင်ပြောင်နေတာဟာ မှားယွင်းတဲ့ ကိစ္စတခုပါပဲ။ ပရိသတ်တွေက သူ့ကို ဖိအားသွားပေးရင် သူ့ဆီကနေ ခြေစွမ်းကောင်းတွေကို မြင်တွေ့ရဖို့ ခက်ပါလိမ့်မယ်။ သူ့အတွက် ဘာစီလိုနာကနေ ထွက်ခဲ့ရတာက လွယ်ကူတဲ့ အရာတခု မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်က မက်ဆီ တယောက် အခုလို ရုန်းကန်နေရတာဟာ နည်းပြနဲ့လည်း ဆိုင်မယ်လို့ ထင်ပါတယ်။ မက်ဆီက ခေါင်းဆောင်နိုင်စွမ်း ရှိတဲ့ ကစားသမား တယောက်ပါ။ တကယ်လို့ ပီအက်စ်ဂျီကသာ သူ့ကို အသင်းခေါင်းဆောင် ခန့်ပြီး အသင်းကို ဦးဆောင်ခွင့် ပေးလိုက်မယ် ဆိုရင် သူတို့က အမြဲတမ်းကို နိုင်နေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။