MySport Myanmar

ချဲလ်ဆီးအသင်းနဲ့ပဲ ဆက်လက် လက်တွဲသွားချင်နေတဲ့ ကန်တေ

ချဲလ်ဆီးအသင်းရဲ့ ပြင်သစ် ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေက ဒီနှစ် ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပေမဲ့လည်း ကန်တေကိုယ်တိုင်ကတော့ ချဲလ်ဆီးနဲ့ပဲ ဆက်လက် လက်တွဲသွားချင်နေပြီး စာချုပ်သစ်လည်း ချုပ်ဆိုသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Guardian

အသက်(၃၁)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ကန်တေဟာ ၂၀၁၆ခုနှစ်ကတည်းက လက်စတာကနေ ချဲလ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ခံစစ်စွမ်းရည်နဲ့ ကွင်းလယ်ပိုင်းအတွင်း လုပ်အားနှုန်း ကောင်းမွန်မှုတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးအဖြစ်ပါ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့လည်း လိဂ်ဖလားကလွဲပြီး ကျန်တဲ့ ဆုဖလားမှန်သမျှကို ရယူထားနိုင်ခဲ့တဲ့ ကန်တေဟာ ဒဏ်ရာ မကြာခဏ ရရှိနေတဲ့ ကစားသမားတစ်ဦး ဖြစ်နေရတာကပဲ ကစားသမားဘဝအတွက် အဟန့်အတားကြီးတစ်ခုလို ဖြစ်နေရပါတယ်။

Photo Credit : Goal

ဒဏ်ရာပြသာနာတွေကြောင့် အခုနှစ် ဘောလုံးရာသီထဲ (၂)ပွဲတည်းသာ ကစားထားရသေးတဲ့ ကန်တေကို ချဲလ်ဆီးဘက်က စာချုပ်သက်တမ်းတိုးဖို့အတွက် စဉ်းစားစရာတွေ ရှိလာခဲ့ပြီး သက်တမ်းတိုးရင်လည်း ကာလတိုလောက်သာ သက်တမ်းတိုးလိမ့်မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဆောင်းဈေးကွက်အတွင်းမှာ အသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုုကို အာဆင်နယ်အသင်းဆီ ရောင်းချထားတာမို့ ကွင်းလယ်မှာ ဝါရင့် အတွေ့အကြုံရင့်တဲ့ ကန်တေလို ကစားသမားတစ်ဦးကို အသင်းမှာ ဆက်ထိန်းထားဖို့က သေချာလာခဲ့ရပါတယ်။ ပြင်သစ်အခြေစိုက် သတင်းဌာန Foot Mercato မှာဆိုရင်လည်း ချဲလ်ဆီးက ကန်တေကို ၂၀၂၆ခုနှစ် ဇွန်လအထိ သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖော်ပြထားခဲ့သလို တစ်နှစ်ထပ်တိုးခွင့်လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : Football London

ကန်တေဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းနဲ့ ဘောလုံးရာသီ (၇)ရာသီမြောက်ကို ဖြတ်သန်းနေရတာဖြစ်ပြီး ဒဏ်ရာကနေလည်း သက်သာလာခဲ့ပြီဖြစ်လို့ ဒီတစ်ပတ်ထဲ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနည်းဆုံး အရန်ကစားသမားအဖြစ် ပါဝင်လာဖို့လည်း ရှိနေပါတယ်။

Exit mobile version