ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ အန်ဂိုလို ကန်တီဟာ ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ကန်တီက လက်စတာ စီးတီးကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း သူ ပါဝင် ကစားထားတဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးဟာ ရလဒ်ကောင်းတွေ ရယူထားနိုင်ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ကန်တီနဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေကာ ချယ်လ်ဆီးက သူတို့ရဲ့ အဓိက ကွင်းလယ်လူ ကန်တီကို လက်မလွှတ်ရစေဖို့ အတွက် စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကန်တီကတော့ ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ ကန်တီထံ ပဏာမ အချက်အလက်တွေ ပါဝင်တဲ့ စာချုပ်သစ် တရပ် ကမ်းလှမ်းခဲ့ပြီး ကန်တီက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက်တွေကို ကြည့်ပြီးနောက် ချက်ချင်းပဲ စာချုပ်သစ်ကို ပြန်လည် ပယ်ချသွားခဲ့ကြောင်း သိရပါတယ်။

Photo Credit: Metro

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း ကန်တီဟာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ သတင်းအား ထပ်ဆင့် အတည်ပြုပေးထားပြီး ကန်တီက ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုချင်နေပေမယ့် ချယ်လ်ဆီးဘက်က ကာလတို စာချုပ်နဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် ကန်တီဟာ ချယ်လ်ဆီးရဲ့ စာချုပ်သစ်ကို ပယ်ချခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ်။

လက်ရှိမှာတော့ ကန်တီနဲ့ ချယ်လ်ဆီးတို့ရဲ့ စာချုပ်သစ် အခြေအနေကို စောင့်ကြည့်နေတဲ့ အသင်းတွေ ရှိနေပြီး ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ကန်တီကသာ ချယ်လ်ဆီးနဲ့ စာချုပ်သစ် မချုပ်တော့ဘူး ဆိုရင် ကန်တီကို ခေါ်ယူဖို့ ကြိုးစားရန် ပြင်ဆင်ထားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။