ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ကန်တီ ကတော့ ပုဂ္ဂိုလ်ရေးကိစ္စ တစ်ခုကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်နဲ့ ဆက်ဆံရေး တင်းမာနေတယ် လို့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၉နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ကန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ မရှိမဖြစ် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅ပွဲအထိ ပါဝင် ကစားပေးထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

ပြင်သစ် အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Le Parisien သတင်းဌာနရဲ့ အဆိုအရ ကန််တီဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ဦးရဲ့ မင်္ဂလာဆောင်ကို သွားရောက်ချင်တာကြောင့် အသင်းထံ ခွင့်တောင်းခဲ့ရာ ကနေ နည်းပြလမ်းပတ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်လာတာ ဖြစ်ကြောင်း သိရပါတယ်။ ကန်တီဟာ အသင်းဘက်က သူ့သူငယ်ချင်းရဲ့ မင်္ဂလာပွဲကို သွားရောက်ခွင့်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့် နည်းပြ ဖြစ်သူ လမ်းပတ်ဟာ တားဆီးခဲ့တာကြောင့် ကန်တီနဲ့ လမ်းပတ်ရဲ့ ကြားမှာ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်လာပြီး အကျိုးဆက် အနေနဲ့ ကန်တီဟာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာသွားတဲ့ အထိ ဖြစ်လာနိုင်တယ် လို့ ပြင်သစ် သတင်းထောက်တွေက သုံးသပ် ထားကြပါတယ်။

Photo Credit: Express

ကန်တီနဲ့ နီးစပ်သူတွေကလည်း အဆိုပါ သတင်းတွေကို အတည်ပြု ပေးထားပြီး ကန်တီနဲ့ လမ်းပတ်ကြားမှာ အချင်းများမှုတွေပါ ဖြစ်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ ကန်တီရဲ့ မိတ်ဆွေ တစ်ဦးက လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတစ်ခုကို ဖွင့်ဟ ထားပါတယ်။ အဆိုပါသတင်းနဲ့ ဆက်စပ်ပြီး ထွက်ပေါ်လာတဲ့ သတင်းမှာတော့ ကန်တီဟာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာဖို့ကိုပါ စတင် စဉ်းစားလာပြီး ဖြစ်နိုင်ပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ကန်တီကို ခေါ်ယူဖို့ အတွက် မန်ယူအသင်း ၊ အင်တာမီလန်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့က စိတ်ဝင်စားနေပြီး ကန်တီ ကတော့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လိုနေပါတယ်။