မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ပြင်သစ် အသင်း ပွဲစဉ်မှာတော့ ပြင်သစ် အသင်းက ပေါ်တူဂီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲစဉ်မှာ ပြင်သစ်အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့သူကတော့ ချယ်လ်ဆီး ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တီ ပဲ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယပိုင်းအရောက် ၅၃ မိနစ် အရောက်မှသာ ကန်တီက သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ပြင်သစ် အသင်းဟာ အုပ်စု စီ မှာ ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ နဲ့ ရမှတ် ၁၃ မှတ်ရရှိထားကာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်တဲ့ ကန်တီ ဟာ အသင်းဖော် ကစားသမားတစ်ဦးဖြစ်တဲ့ ပေါလ်ပေါ့ပ်ဘာ ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ ချီးကျုးစကားဆိုသွားခဲ့ပါတယ်။ ယခုအချိန်မှာ ပေ့ါပ်ဘာ အနေနဲ့ မန်ချက်စတာယူနိုက်တက် မှာ ခြေစွမ်းပြ ကစားဖို့ အတွက် ခက်ခဲနေကာ အသင်းပရိသတ်တော်တော်များများရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။ ပေါ့ပ်ဘာ ကိုယ်တိုင်ကလည်း အရင်ရာသီတွေနဲ့ မတူပဲ ဒီရာသီမှာ သူ့အနေနဲ့ အသင်းမှာ ရုန်းကန်နေရတယ်လို့ ဝန်ခံပြောဆိုတာမျိုးတွေလည်း ရှိပါတယ်။ ပေါ့ပ်ဘာရဲ့ စွမ်းဆောင်ရည် ဟာ ဒီရာသီမှာ လုံးဝ ကို အကျဘက်ကို ရောက်ရှိနေတယ်လို့ ဆိုရပါမယ်။

Photo Credit: Goal

ဒါပေမယ့် ကန်တီ ကတော့ ပေါ့ပ်ဘာရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အခုလို ကာကွယ်ပြောဆိုပေးသွားခဲ့ပါတယ်။ “ သူ ဒဏ်ရာပြဿနာနဲ့ အချိန်အတော်ကြာအောင် ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်တို့ ကမ္ဘာ့ဖလားတုန်းက အတူ ကစားခဲ့ရတဲ့ အချိန်တွေကို ကျွန်တော် အခုထိ သတိရနေတုန်းပါပဲ။ ပေါ့ပ်ဘာနဲ့ တွဲဖက် ကစားရတာက ပျော်ရွှင်ဖို့ ကောင်းပါတယ်။ မြက်ခင်းစိမ်းတွေ ပေါ်မှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ ခြေစွမ်းနဲ့ အသင်းရဲ့ အနေအထားကို အတော်လေးကျနပ်ပါတယ်။ ကျွန်တော်တို့ ရောက်နေသင့်တဲ့ နေရာကို ကျွန်တော်တို့ ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ အများကြီး မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့ချန်ပီယံတွေပါ။ ဥရောပချန်ပီယံရှစ် ကလည်း ကျွန်တော်တို့ အတွက် နောက်ထပ် စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက အသင်းကောင်းတစ်သင်း ဖြစ်တယ် ဆိုတာတော့ အသေအချာပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။