ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီ ရောက်သွားပြီး ဘောလုံးပရိသတ်တွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားတာ ဘောလုံးရာသီတစ်ခုလောက်ထိ ရှိသွားတဲ့ အန်ဂိုလို ကန်တေကို ပြင်သစ်အသင်းရဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် ကစားသမားစာရင်းမှာ ပြန်လည် မြင်တွေ့ခဲ့ရတာက များစွာ အံ့အားသင့်ဖို့ကောင်းပါတယ်။

ဆော်ဒီမှာ ကန်တေတစ်ယောက် အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသနေတယ်လို့ သတင်းတွေ မထွက်ပေါ်ပါပဲနဲ့ ပြင်သစ်နည်းပြ ဒေးရွှမ့်က ကန်တေကို အသင်းအတွက် ယုံယုံကြည်ကြည်နဲ့ကို ရွေးချယ်ခဲ့တယ်။ ကန်တေကလည်း ရရှိလာတဲ့ အခွင့်အရေးုကို အကောင်းဆုံး အသုံးချရင်းနဲ့ ပြင်သစ်ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit : MSN

အသက် (၃၃)နှစ်အရွယ် ချယ်လ်ဆီး ကစားသမားဟောင်း ကန်တေဟာ ပြင်သစ်အသင်းရဲ့ ယူရို-၂၀၂၄ အုပ်စုပွဲ (၃)လုံးအပြင် (၁၆)သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်အထိ စုစုပေါင်း (၅)ပွဲလုံးမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ရင်းနဲ့ သြစတြီးယား နယ်သာလန်တို့နဲ့ အုပ်စုပွဲတွေမှာ (၂)ပွဲဆက်တိုက် အကောင်းဆုံး ကစားသမားဆုတွေကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

တကယ်တော့ ကန်တီဟာ ပြင်သစ်အတွက် နောက်ဆုံးကစားပေးခဲ့တာ ၂၀၂၂ခုနှစ် (၆)လပိုင်းကဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ကန်တေက ဆိုးရွှားတဲ့ တံကောက်ကြောဒဏ်ရာကြောင့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ လွဲချော်ခဲ့ရပြီး ပြင်သစ်အသင်းအတွက်ကိုလည်း (၂)နှစ်နီးပါးလောက်ကြာမှ ပြန်လည် ကစားပေးခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Sky Sports

အခုတော့ ကန်တေက ပြင်သစ်အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံး မောင်းနှင်ပေးနေရင်းနဲ့ ကမ္ဘာ့ဖလား ယူရိုတို့လို အဓိက နိုင်ငံတကာ ပြိုင်ပွဲကြီးတွေထဲ သူ ပါဝင်ကစားခဲ့တဲ့ စုစုပေါင်း ပွဲအရေအတွက် (၂၀)အထိ လုံးဝ ရှုံးပွဲမရှိထားတဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

ကန်တေဟာ ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၁၆ ၂၀၁၈ကမ္ဘာ့ဖလား ယူရို-၂၀၂၀နဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး (၄)ခုထဲ သူပါဝင်ကစားခဲ့တဲ့ ပွဲစဉ်တိုင်းရဲ့ သာမန်ပွဲချိန်အတွင်းမှာ ရှုံးပွဲမရှိခဲ့တာဟာ ပွဲအရေအတွက်ပေါင်း (၂၀) (နိုင်ပွဲ ၁၃ပွဲနဲ့ သရေပွဲ ၇ပွဲ) အထိတောင် ရှိလာခဲ့ရပါတယ်။ ဒီလို စံချိန်မျိုးကို ဥရောပမှာ ဘယ်ကစားသမားမှ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသေးပဲ ကန်တေ တစ်ဦးတည်းကပဲ စွမ်းဆောင်ထားနိုင်တာ ဖြစ်ပါတယ်။ ကန်တေအနေနဲ့ စပိန်နဲ့ ရင်ဆိုင်သွားရမယ့် ဆီမီးဖိုင်နယ်ပွဲမှာပါ ရှုံးပွဲမရှိ ပွဲအရေအတွက်ကို ထပ်တိုးနိုင်အောင် စွမ်းဆောင်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။