ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေသလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း သဘောတူညီမှု မရသေးတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကန်တီကတော့ ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးရင်တောင် လန်ဒန်မြို့မှာပဲ ဆက်လက် နေထိုင်လိုတာကြောင့် ချယ်လ်ဆီးရဲ့ မြို့ခံပြိုင်ဘက် အသင်းနှစ်သင်း ဖြစ်တဲ့ စပါးနဲ့ အာဆင်နယ်တို့ နှစ်သင်းထဲက တသင်းကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကန်တီက ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သလို သူ ပါဝင်ကစားတဲ့ ပွဲစဉ်တိုင်းမှာ ချယ်လ်ဆီးရဲ့ ရလဒ်တွေဟာ သိသိသာသာ ကောင်းမွန်လေ့ ရှိပေမယ့် မြန်နှုန်းမြင့် ကစားသမား တဦး ဖြစ်တာကြောင့် အသက်အရွယ် ရလာတာနဲ့အမျှ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။

Photo Credit: Team Talk

ကန်တီက ယခုနှစ် ဘောလုံးရာသီမှာလည်း ဒဏ်ရာပြဿနာတွေကြောင့် ချယ်လ်ဆီး အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂ပွဲသာ ပါဝင် ကစားပေးထားနိုင်ပြီး သူ့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့်ပဲ ချယ်လ်ဆီးက သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် အဆိုပါ စာချုပ်ရဲ့ သက်တမ်းဟာ ၁နှစ်သာ ရှိတာကြောင့် ကန်တီဟာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်မခံပဲ ငြင်းဆန်ပယ်ချခဲ့ပါတယ်။

လက်ရှိမှာတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီက ကန်တီကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေသလို ကန်တီရဲ့ အေးဂျင့်ဖြစ်သူထံ ဆက်သွယ်မှု တချို့ ပြုလုပ်ခဲ့ပေမယ့် ကန်တီကတော့ လန်ဒန်မြို့မှာပဲ ဆက်လက် နေထိုင်ချင်တာကြောင့် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ယခုချိန်အထိ ပြန်လည် မတုံ့ပြန်သေးဘူးလို့ နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနက ဆိုပါတယ်။

Photo Credit: Team Talk

Calcio Mercato သတင်းဌာနရဲ့ ဖော်ပြချက်အရ ကန်တီက ချယ်လ်ဆီးကနေ ထွက်ခွာဖြစ်ခဲ့ရင်တောင် လန်ဒန်မြို့မှာပဲ ဆက်လက် နေထိုင်ချင်တာကြောင့် ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံ အသင်းနှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်နဲ့ စပါးနှစ်သင်း အနက် ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ ကိုင်တွယ်နေတဲ့ စပါးကလည်း ကန်တီကို ခေါ်ယူဖို့ စုံစမ်းမှု တချို့ ပြုလုပ်ထားကြောင်း သိရပါတယ်။