ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်သူ အန်ဂိုလိုကန်တီဟာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်အပြီးမှာ အဖျားရောဂါ ဝေဒနာကို ခံစားနေရတာကြောင့် မနက်ဖြန်ညမှာ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကိုရော ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ဆက်တိုက်လွဲချော်ရဖွယ် ရှိနေရတယ်လို့ သိရပါတယ်။

Photo Credit : 90Min

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တီဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ရတဲ့ ပွဲစဉ်မှာတင်ပဲ ပထမပိုင်း ပွဲကစားချိန်အပြီးမှာ ကိုဗာဆစ်နဲ့ လူစားလဲခဲ့ရသလို ချယ်လ်ဆီးအသင်းရဲ့ ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ဇင်းနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲတွေကို ဆက်တိုက်လွဲချော်ခဲ့ရပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန် စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲ ဒုတိယပိုင်းမှာ ပြန်လည်ပါဝင်လာနိုင်ခဲ့ပြီး သူရဲ့လုပ်အားနှုန်းတွေကြောင့် အသင်းက ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပေမယ့် မန်စီးတီးကို တစ်ဂိုးတည်းနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ (၅၉)မိနစ်အထိသာ ကစားခဲ့ရပြီး ပွဲအပြီးမှာပါ အဖျားဝေဒနာကို ခံစားလိုက်ရတာကြောင့် ဂျုဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ရဖို့က သေချာသလောက်ကို ရှိသွားခဲ့ရပါတယ်။

Photo Credit : Evening Standard

ချယ်လ်ဆီးအသင်းအနေနဲ့ တူရင်မြေမှာ သွားရောက်ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်အတွင်း ကန်တီအပြင် ညာနောက်ခံကစားသမားဖြစ်သူ ရီးစ်ဂျိမ်းစ်ကိုပါ အနားပေးထားရမှာဖြစ်ပြီး ပူလီဆစ် မေဆန်မောင့်နဲ့ ဂျော်ဂျင်ဟိုတို့လည်း ပါဝင်ကစားဖို့ မသေချာသေးတာကြောင့် ချယ်လ်ဆီးရဲ့ ကွင်းလယ်မှာ ကိုဗာဆစ် ဆာအူးလ်နဲ့ လော့တပ်ချိဖ်တို့ကို အသုံးပြုရဖွယ်လည်း ရှိနေပါတယ်။ ဒါပေမယ့် အိမ်ရှင်ဂျုဗင်တပ်စ်ဘက်မှာလည်း တိုက်စစ်ကစားသမား(၂)ဦးဖြစ်တဲ့ ပေါ်လိုဒီဘားလားနဲ့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် အဲဗာရိုမိုရာတာတို့ ဒဏ်ရာပြသာနာ အသီးသီးနဲ့ ကြုံတွေ့နေရတာဖြစ်လို့ တိုက်စစ်ပိုင်း အားနည်းနေနိုင်ပါတယ်။ ဒီပွဲကတော့ စီးရီးအေမှာ (၂)နှစ်နီးပါးလောက် ကျင်လည်ခဲ့ဖူးတဲ့ တိုက်စစ်မှူး လူကာကူနဲ့ ချယ်လ်ဆီးအသင်းကနေ အလိုရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ နယ်သာလန် နောက်ခံကစားသမား ဒီလစ်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို အဓိကထား စောင့်ကြည့်သွားရမှာဖြစ်ပြီး Aliianz Stadium မှာ ဘယ်အသင်းက အမှတ်လျှော့သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။