လီဗာပူးလ် ကွင်းလယ်လူ ဟန်ဒါဆန် နဲ့ ချဲလ်ဆီး ကွင်းလယ်လူ ကန်တေတို့ဟာ နောက်ဆုံးပွဲစဉ် အဖြစ် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ဒဏ်ရာ ကိုယ်စီ ရရှိခဲ့ကြလို့ အနားယူကြရတော့မှာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ကန်တေကတော့ မန်ယူအသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပြီး ကွင်းလယ်လူ ဟန်ဒါဆန်ကတော့ အက်သလက်တီကိုအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ချဲလ်ဆီး နည်းပြ လမ်းပတ်က ကန်တေအနေနဲ့ (၃) ပတ်ခန့်ကြာ အနားယူရမယ်လို့ ပြောခဲ့ပြီး နည်းပြ ကလော့ပ်ကလည်း ဟန်ဒါဆင်ကို (၃) ပတ်ခန့်ကြာ အနားယူရမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ချဲလ်ဆီး ကွင်းလယ်လူ ကန်တေဟာ မန်ယူအသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တာကြောင့် ကွင်းလယ်လူ မေဆင် မောင့်နဲ့ လူစားလဲခံခဲ့လိုက်ရတာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ကန်တေရဲ့ ဒဏ်ရာနဲ့ ပက်သက်ပြီး ချဲလ်ဆီး နည်းပြ လမ်းပတ်က “ကန်တေဟာ ကြံခိုင်မှု မပြည့်ဝပါဘူး။ ကြွက်သားဒဏ်ရာ ရရှိခဲ့ပါတယ်။ (၃) ပတ်လောက်ပဲ ကြာဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့လည်း အဆင့် (၄) နေရာကို ဆက်ထိန်းနိုင်ဆဲ ဖြစ်ပြီး ရမှတ် (၄၁) မှတ် ရရှိနေလျက် ရှိနေပါတယ်။

Photo Credit: Goal

တစ်ဖက်က လီဗာပူးလ် အသင်းခေါင်းဆောင် ကွင်းလယ်လူ ဟန်ဒါဆန်ဟာ အက်သလက်တီကို အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ပွဲပြီးဖို့ (၁၀) မိနစ်အလိုမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး အသင်းဖော် ဂျိမ်း မီနာနဲ့ လူစားလဲ ခံခဲ့ရပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ အသင်း ခေါင်းဆောင်ဟန်ဒါဆန်အနေနဲ့ (၃) ပတ်ခန့်ကြာ အနားယူရလိမ့်မယ်လို့ အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်က “သူ့ရဲ့ ဒဏ်ရာက ဒီထက် ပိုဆိုးနိုင်ပါတယ်။ တံကောက်ကြော ဒဏ်ရာပါ။ ဒါပေမဲ့ ထင်သလောက်မဆိုးပါဘူး။ သူ (၃) ပတ်ကြာ နားရပါလိမ့်မယ်။ ဒါက အသင်းအတွက် သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ကံကောင်းတယ်လို့ မြင်နေဆဲပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။