အသက်အရွှယ်အားဖြင့်ဆိုရင် ဘောလုံးသမားတစ်ယောက်အတွက် အကောင်းဆုံးအချိန်လို့ သတ်မှတ်လို့ရနိုင်တဲ့ (၂၆)နှစ်အရွှယ် နိုင်ငံလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင် ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးမှာလည်း ရွှေဖိနပ်ဆုပိုင်ဆိုင်ထားပြီး တစ်ရာသီမှာလည်း အနည်းဆုံးဂိုး(၂၀)လောက် သွင်းယူနိုင်သူ တိုက်စစ်မှူးဟယ်ရီကိန်းဟာ တကယ့်ကို ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် တခြားသော ကစားသမားတွေလို ဆုဖလားအောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေသေးတာကြောင့် သူရဲ့စပါးအသင်းကနေ ထွက်ခွာဖို့ အချိန်တန်နေပြီလို့ ဘောလုံးနယ်ပယ်မှ ကျွမ်းကျင်သူတွေကတော့ သုံးသပ်ပြောဆိုတာကို မကြာခဏ ကြားရလေ့ရှိမှာပါ။

Photo Credit : Vbet News

ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ်အစရှိတဲ့ ထိပ်သီးကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း စပါးအသင်းမှာပဲ ဆက်လက်ရှိနေတဲ့ ဟယ်ရီကိန်းဟာ စပါးမှာပဲ သူ့ရဲ့ဘောလုံးသမားဘဝကို နောက်တစ်ဆင့်တတ်နိုင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့်လည်း အရာမထင်လာခဲ့လို့ သူပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းလို သူက ရည်မှန်းချက်ကြီးသူဖြစ်လို့ အသင်းအနေနဲ့ အောင်မြင်မှုတွေ ရယူဖို့အတွက် ရည်ရွှယ်ချက်ကောင်းကောင်း မထားနိုင်ဘူးဆိုရင် အသင်းနဲ့ လမ်းခွဲမယ်ဆိုတဲ့အတိုင်း လက်ရှိအခြေအနေတွေအရတော့ ကိန်းနဲ့စပါးအသင်းတို့ရဲ့ လမ်းခွဲနှုတ်ဆက်ရတော့မယ့်အချိန်က ပိုမိုနီးစပ်လာခဲ့ရပါပြီ။

Photo Credit : AS English

စပါးအသင်းဟာ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ပေမယ့်လည်း ကံဆိုးပြီး လွဲချော်ခဲ့ရသလို ဖလားလက်မဲ့ရာသီတွေကိုလည်း နှစ်တိုင်းဖြတ်သန်းနေရတာကြောင့် ကိန်းအနေနဲ့ ဒီအခြေအနေအပေါ် စိတ်ပျက်လာခဲ့တဲ့အပြင် လက်ရှိမှာလည်း အသင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာကို ရောက်ရှိနေပြီး ဥရောပဝင်ခွင့်ကိုတောင် လွဲချော်ရဖွယ်ရှိနေတာကြောင့် ကိန်းအနေနဲ့ စပါးကို စွန့်ခွာဖို့က နီးစပ်နေပြီလို့ ဆိုရမှာပါ။ ဒါ့အပြင် အသင်းအတွင်းမှာလည်း ကစားသမားအချင်းချင်း အနည်းငယ်အချင်းများနေမှု နည်းပြရဲ့နည်းစနစ်ပိုင်းကို အားရကျေနပ်မှုမရှိခြင်းတွေကလည်း ကိန်းကို အသင်းကနေ ထွက်ခွာဖို့ လှုံဆော်နေသလို ဖြစ်နေခဲ့ရပါတယ်။ နောက်ဆုံးသိရှိထားရတဲ့ သတင်းတွေအရ ဒီနေ့ညမှာ ကစားသွားဖို့ရှိနေတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ စပါးက အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့မယ်ဆိုရင် ကိန်းအနေနဲ့ သူရဲ့အနာဂတ်အတွက် တိကျတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖွယ်ရှိတယ်လို့ သိရှိထားရပါတယ်။ ဆိုတော့ ဒီညလန်ဒန်ဒါဘီမှာ ကိန်းရဲ့စပါးအသင်း ရလဒ်ကောင်းရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေရပါပြီ။