ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းက သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို (4-1) (5-1) ဆိုတဲ့ ရလဒ်မျိူးလောက်နဲ့ နိုင်ခဲ့သင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက ဘိုင်ယန်မြူးနစ် နဲ့ မန်ယူနိုက်တက်အသင်းတို့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် မြူးနစ်မှာ ကစားခဲ့ကြရာ နှစ်သင်းပေါင်း သွင်းဂိုး (၇)ဂိုးအထိ ရှိခဲ့ပြီး အိမ်ရှင် ဘိုင်ယန်က ဆာနေး ဂနာဘရီ ဟယ်ရီကိန်း တယ်လ်တို့ရဲ့ ဂိုးတွေနဲ့ (4-3) နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Twitter

အဲ့ဒီပွဲမှာ ဘိုင်ယန်အတွက် တတိယမြောက် သွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ ဟယ်ရီကိန်းက သူရဲ့ သွင်းဂိုး ရပြီးချိန်မှာ သူတို့အသင်းက (4-1) (5-1) တွေလောက်အထိကို အပြတ်အသတ် ရလဒ်မျိုး ဖြစ်သွားခဲ့သင့်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

“ပွဲပြီးခါနီးမှာ အနည်းငယ် စိတ်လှုပ်ရှားစရာတွေ သိသိသာသာယ ရှိခဲ့တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့က ball possession ပိုင်းမှာတော့ လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ တတိယဂိုး ရပြီးတဲ့နောက်မှာ (၄)ဂိုး (၁)ဂိုး ၊ (၅)ဂိုး (၁)ဂိုးလောက်အထိ ဂိုးပြတ်သွားခဲ့ပေမယ့်လည်း မန်ယူနိုက်တက်ရဲ့ ကစားအားကို credit ပေးပါတယ်။”

Photo Credit : Twitter

“သူတို့က ကြိုးစား အားထုတ်ပြီး ကစားသွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ (၃)မှတ်အပြည့် ရရှိခဲ့ပါတယ်။ ဒါက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ကောင်းမွန်တဲ့ အစ ခြေလှမ်းတစ်ရပ်ပါပဲ။” လို့ ဟယ်ရီကိန်းက ပြောဆိုသွားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက တိုက်စစ် လိုအပ်ချက် ရှိနေတဲ့ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘိုင်ယန်မြူးနစ်ဆီသာ ရောက်ရှိသွားခဲ့သလို ယူနိုက်တက်ကလည်း အတ္တလန်တာ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကိုပဲ ခေါ်ယူခဲ့ပါတယ်။