ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ရဲ့ လက်ရှိကလပ်ဖြစ်တဲ့ စပါးအသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းဖို့ ငြင်းဆန်နေကြောင်း နာမည်ကျော် ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ထိပ်တန်း တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို စပါးအသင်းမှာသာ မြှုပ်နှံခဲ့ပေမယ့် သူ လိုချင်တဲ့ ဆုဖလားအောင်မြင်မှုတွေ ရရှိဖို့ ခက်ခဲနေတာကြောင့် စပါးအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Football London

ဟယ်ရီကိန်းဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ စပါးအသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်မီထဲက တရားဝင် ဝန်ခံထားသူ ဖြစ်ပြီး စပါးအသင်း ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ ဟယ်ရီကိန်းကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပါတယ်။

ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းက စိတ်ဝင်စားနေကာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် စပါးအသင်းထံ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပေမယ့် စပါးအသင်း ကတော့ ဟယ်ရီကိန်းကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ ဟယ်ရီကိန်းဟာ သူ့ကို ရောင်းချဖို့ ငြင်းဆန်နေတဲ့ စပါးအသင်းရဲ့ လုပ်ရပ်ကို အတော်လေး စိတ်ပျက်နေသလို ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ စပါးအသင်းထံ လာရောက်ကာ လေ့ကျင့်ရေး ဆင်းဖို့ ပျက်ကွက်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့ လေ့ကျင့်ရေး ဆင်းဖို့ ငြင်းဆန်ခဲ့တာကြောင့် ဒဏ်ရိုက်ခံရဖို့ ရှိပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားမှာ မဟုတ်ပဲ အသင်းအနေနဲ့ သူ့ကို ထွက်ခွာခွင့် ပေးဖို့ ဆက်လက် တောင်းဆိုသွားဖို့ ရှိနေကြောင်း သိရပါတယ်။