MySport Myanmar

ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်ကိုပါ ဆက်လက် လွဲချော်သွားရဦးမယ့် ဟယ်ရီကိန်း

အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ဘယ်လ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်ကို ဆက်လက်ပြီး လွဲချော်သွားရတော့မယ်လို့ သိရှိရပါတယ်။

ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒမ်းစတက်ဇ်အသင်းတို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ပါဝင်ရင်း (၁)ဂိုးသွင်း (၁)ဂိုးဖန်တီးနိုင်ခဲ့ပေမယ့်လည်း ပွဲပြီးဖို့ (၁၀)မိနစ်ခန့်အလိုမှာပဲ ဂိုးတိုင်နဲ့ထိကာ ဒဏ်ရာရသွားခဲ့လို့ ပွဲကို ဆက်မကစားနိုင်တော့ပဲ လူစားလဲခဲ့ရပါတယ်။

Photo Credit : Bavarian Football Works

ဒီဒဏ်ရာ အခြေအနေကြောင့်ပဲ ဟယ်ရီကိန်းက နိုင်ငံတကာ ရက်သတ္တပတ်အတွင်း အင်္ဂလန်အသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့ပေမယ့်လည်း ကုသမှုတွေသာ ခံယူနေခဲ့ရလို့ မနေ့ညက ဘရာဇီးလ်နဲ့ ကစားခဲ့ရတဲ့ ခြေစမ်းပွဲကိုပါ လွဲချော်ခဲ့ရပါတယ်။

အခု ဘရာဇီးလ်နဲ့ပွဲအပြီး ဘယ်လ်ဂျီယံနဲ့ ထပ်မံ ခြေစမ်းဦးမယ့် ပွဲစဉ်ကိုတော့ ဟယ်ရီကိန်း ပါဝင်ကစားသွားဖို့ မျှော်လင့်ထားခဲ့ပေမယ့်လည်း သူရဲ့ ခြေချင်းဝတ်ဒဏ်ရာက သက်သာလာခြင်း မရှိသေးတဲ့အတွက် ဘယ်လ်ဂျီယံနဲ့ ပွဲကိုပါ ထပ်မံ လွဲချော်ရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit : The Mirror

ဟယ်ရီကိန်းရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်က “ဟယ်ရီကိန်းက သူရဲ့ ခြေချင်းဝတ်ဒဏ်ရာကို ကုသမှု ခံယူဖို့အတွက် ဂျာမနီနိုင်ငံဆီ ပြန်သွားတော့မှာပါ။ သူက အင်္ဂါနေ့မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ကစားရဖို့အတွက် အဆင်သင့် ဖြစ်နေမှာ မဟုတ်ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ကတော့ လက်ရှိ သူရဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဒေါ့မွန်နဲ့ ရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘွန်ဒက်စ်လီဂါပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးပေမယ့်လည်း အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲကိုတော့ သေချာပေါက် ပါဝင်သွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version