ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီကိန်းက အသင်းရဲ့ ဆုတ်ယုတ်သွားတဲ့ အခြေအနေတွေကို စိတ်ပျက်နေတာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ စဉ်းစားနေရာ အလန်ရှီးယားရဲ့ စံချိန်ကို ချိုးဖျက်ချင်နေတာကြောင့်ပဲ စပါးရဲ့ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားချင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ပြီး သူဟာ ကစားသမား ဘဝ တခုလုံးကို စပါးမှာသာ မြှုပ်နှံခဲ့ပေမယ့် လက်ရှိအချိန် အထိ ဆုဖလား တလုံးမှ မရထားသေးပါဘူး။

Photo Credit: Caught Offside

ဒါကြောင့်ပဲ ဟယ်ရီကိန်းက စပါးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ အချိန်မှာ အသင်းနဲ့ စာချုပ်သစ် ချုပ်မယ့် အစား ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ ကစားဖို့ စဉ်းစားနေပြီး လက်ရှိမှာတော့ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဘိုင်ယန်မြူးနစ်က မန်ချက်စတာ ယူနိုက်တက်ထက် ဆုဖလား အာမခံချက် ပိုပေးနိုင်တဲ့ အသင်းမျိုး ဖြစ်ပေမယ့် ဟယ်ရီကိန်းက အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ချိုးဖျက်ချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေပါတယ်။

Photo Credit: Goa

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာပဲ ဟယ်ရီကိန်းရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး ဟယ်ရီကိန်းကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကာ စပါးဥက္ကဌ လီဗိုင်းကတော့ ဟယ်ရီကိန်းကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချဖို့ တွန့်ဆုတ်နေကြောင်း သိရပါတယ်။

ဟယ်ရီကိန်းက လက်ရှိမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀၇ဂိုး သွင်းယူထားနိုင်ကာ အလန်ရှီးယားရဲ့ စံချိန်ကို (သွင်းဂိုး ၂၆၀ဂိုး) ကျော်ဖြတ်နိုင်ဖို့ ဆိုရင် နောက်ထပ် ပရီးမီးယားလိဂ် သွင်းဂိုး ၅၄ဂိုး သွင်းယူနိုင်ဖို့ လိုအပ်နေပြီး ဟယ်ရီကိန်းရဲ့ ဂိုးသွင်းနှုန်းနဲ့ ဆိုရင် ဟယ်ရီကိန်းဟာ နောက်ထပ် ပရီးမီးယားလိဂ် ၂ရာသီ အတွင်းမှာပဲ သွင်းဂိုး ၅၄ဂိုးစလုံးကို သွင်းယူနိုင်ချေ ရှိနေပါတယ်။