ဒီနှစ်ဘောလုံးရာသီအစမှာ အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရှုံးပွဲလုံးဝမရှိထားခဲ့တဲ့ စပါးအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လို့ ရှိနေပေမယ့်လည်း စပါးအသင်းအနေနဲ့ နေရာစုံမှာ အင်အားတောင့်တင်းနေသေးတာမဟုတ်သလို ပရီးမီးယားလိဂ်ရဲ့လက်ရှိချန်ပီယံ လီဗာပူးလ်းအသင်းလို အဆင့်မျိုးကို ရောက်ရှိနိုင်ဖို့ဆိုတာကလည် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ လီဗာပူးလ်ကစားသမားဟောင်းကြီးဖြစ်သူ ဂရေမီဆောင်းနက်စ်က မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

စပါးအသင်းဟာ အဲဗာတန်ကို အိမ်ကွင်းမှာ တစ်ဂိုးနဲ့တည်း ကပ်အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အတွင်း လုံးဝကို ရှုံးပွဲမရှိတော့ပဲ နိုင်ပွဲ(၇)ပွဲနဲ့ သရေ(၄)ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကိုပါ သိမ်းပိုက်လို့ထားပါတယ်။ ဒီလိုအခြေအနေတွေ ရှိလို့နေတဲ့ စပါးအသင်းဟာ လီဗာပူးလ်လို အဆင့်မျိုးကို ရောက်ရှိလာဖို့ လီဗာပူးလ်ကို ယှဉ်နိုင်ဖို့အတွက်ကတော့ လိုအပ်ချက်တွေများစွာ ရှိနေသေးပြီး တကယ်လို့ စပါးကစားသမားတွေကို လီဗာပူးလ်မှာ ပါဝင်ခိုင်းစေမယ်ဆိုရင်တောင် တိုက်စစ်မှူးဟယ်ရီကိန်းတစ်ယောက်လောက်ပဲ ပါဝင်လို့ရနိုင်လိမ့်မယ်လို့ ဆောင်းနက်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ဆောင်းနက်စ်က “လီဗာပူးလ်က အသင်းရဲ့နေရာစုံမှာ အကောင်းဆုံံးအနေအထားကို ပိုင်ဆိုင်ထားပြီးသားဖြစ်သလို အောင်မြင်မှုများစွာကိုလည်း သိမ်းပိုက်ရယူထားခဲ့ပြီးတဲ့ တကယ့်ချန်ပီယံအသင်းမျိုးပါ။ စပါးကတော့ ဒီလိုအနေအထားမျိုးကို ရောက်ရှိဖို့အတွက် အခုမှ စတင်ခါစလေးသာ ရှိပါသေးတယ်။ လီဗာပူးလ်လိုအသင်းမှာ ပါဝင်ကစားလို့ ရနိုင်မယ့် စပါးအသင်းသားဆိုလို့ ဟယ်ရီကိန်းတစ်ယောက်တည်းသာ ရှိနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆွန်ဟောင်မင် လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို မာနေးက စွမ်းဆောင်နိုင်လို့ပါပဲ။ သူတို့နှစ်သင်း တွေ့ဆုံကြမယ့်ပွဲမှာလည်း စပါးအသင်းအနေနဲ့ အာဆင်နယ်ကို အနိုင်ယူခဲ့သလိုမျိုး လီဗာပူးလ်ကိုတော့ အနိုုင်ယူနိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးလ်ခံစစ်မှာ ဗန်ဒိုက်လို ကစားသမားမျိုး မပါဝင်နိုင်လို့ သူတို့အတွက် အခွင့်အရေးတွေ များစွာရနိုင်မှာ ဖြစ်ပေမယ့်လည်း လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့်နေ့ကိုတော့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲက ရလဒ်လိုမျိုး ထပ်တူညီစွာ ရရှိနိုင်မှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းနက်စ်ဟာ စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုကိုတော့ ချီးကျူးပြောဆိုခဲ့ပြီး စပါးက မော်ရင်ဟိုရဲ့ကိုင်တွယ်မှုအောက်မှာ အရင်ကထက် ပိုမိုတိုးတတ်လာခဲ့တယ်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။