MySport Myanmar

ကမ္ဘာ့ဖလားကို အရယူဖို့ ကာတာနိုင်ငံဆီ ရောက်လာတာလို့ ကြုံးဝါးခဲ့တဲ့ ဟယ်ရီကိန်း

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက သူတို့အသင်းဟာ ကမ္ဘာ့ဖလားကို အရယူဖို့ အတွက် ကာတာနိုင်ငံဆီ ရောက်လာခဲ့တာလို့ ကြွေးကြော် သွားခဲ့ပါတယ်။

လက်ရှိ ကစားသမား အင်အား အတောင့်ဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ အင်္ဂလန်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အီရန် ၊ အမေရိကန် ၊ ဝေးလ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး သူတို့ရဲ့ ကစားသမား အင်အားကြောင့် အုပ်စုဗိုလ် ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

Photo Credit: Sky Sports

အင်္ဂလန်က ဟယ်ရီကိန်း ၊ ဖိုဒန် ၊ ရက်ဖို့ဒ် စတဲ့ ထိပ်တန်း တိုက်စစ်ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ကွင်းလယ်ပိုင်းမှာလည်း ဘယ်လင်ဟမ် ၊ ဒီကလန်ရိုက်စ် ၊ မေဆန်မောင့် စတဲ့ ကစားသမားတွေက ကမ္ဘာ့အဆင့် ကွင်းလယ်လူတွေ ဖြစ်ကြပြီး မက်ဂွိုင်းယားနဲ့ ဂျွန်စတုန်းတို့ ဦးဆောင်လာမယ့် ခံစစ်ကြောင်းကလည်း အထိုက်အလျောက် ကောင်းမွန်ပါတယ်။

ဒါ့အပြင် အင်္ဂလန်က နောက်ဆုံး ဝင်ရောက် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြိုင်ပွဲကြီး ၂ခု ဖြစ်တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ယူရိုဖလား ပြိုင်ပွဲတို့မှာ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေဆီ တက်ရောက်ထားနိုင်တာကြောင့် သူတို့အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိမ့်ဆုံး ဆီမီးဖိုင်နယ်အဆင့်ဆီ ရောက်ရှိလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

Photo Credit: Four Four Two

ဒါကြောင့်ပဲ ဟယ်ရီကိန်းက သူတို့ရဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေကြပြီး သူတို့အသင်းက ကမ္ဘာ့ဖလားကို အရယူဖို့ ကာတာမြေဆီ ရောက်လာတာလို့လည်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဟယ်ရီကိန်းက – “ကျွန်တော်တို့အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တယ် ဆိုတာကို ယုံကြည်ထားဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ၁၀နှစ် ၊ ၁၅နှစ်ကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့အသင်းက ပြိုင်ပွဲကြီး တခုမှာ ဗိုလ်စွဲနိုင်ပါတယ် ဆိုတဲ့ စကားမျိုးကို ပြောဖို့ ကြောက်ရွံ့ခဲ့တာကို မြင်ရပါလိမ့်မယ်။ ဒါပေမယ့် ဂျာရတ်ရဲ့ ဦးဆောင်မှုကြောင့် ကျွန်တော်တို့က ပြီးခဲ့တဲ့ ၄နှစ် ၊ ၅နှစ် အတွင်းမှာ အတော်လေး တိုးတက်လာခဲ့သလို ချန်ပီယံဆုကို လိုချင်တဲ့ အကြောင်း ပြောဖို့လည်း မကြောက်တော့ပါဘူး။ ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ ဗိုလ်စွဲမယ့် အသင်းပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ကိုယ်လုပ်နိုင်တာကို သိနေလို့ပါပဲ” လို့ ကြွေးကြော်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version