စပါးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟာရီကိန်းဟာ မကြာခင်မှာ ကျင်းပသွားတော့မယ့် ယူရို-၂၀၂၀ ပြိုင်ပွဲကြီး ပြီးဆုံးချိန်မှာ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားတော့မယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့သလို သူအနေနဲ့ စပါးအသင်းကနေ သေချာပေါက် ထွက်ခွာသွားတော့မယ်ဆိုတဲ့အကြောင်းကိုလည်း သူရဲ့မိတ်ဆွေသူငယ်ချင်းတွေဆီ ဖွင့်ဟပြောဆိုထားတယ်လို့ပါ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Spurs Web

အသက်(၂၇)နှစ်အရွှယ်ရှိ စပါးလက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းဆီကို ၂၀၀၄ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး စပါးလူငယ်အသင်းမှာ ပါဝင်ကစားခဲ့ပြီးနောက် လေတန်အိုရီးယန့် မီဝေ နောဝစ်ချ် လက်စတာအသင်းတွေမှာ အငှားနဲ့သွားရောက်ကစားခဲ့သလို ၂၀၁၃ခုနှစ်မှာတော့ သူရဲ့စပါးစီနီယာကစားသမားဘဝကို စတင်ခွင့်ရလာခဲ့ပါတယ်။ ဟာရီကိန်းဟာ စပါးအသင်းမှာ အချိန်အတော်ကြာ ပါဝင်ကစားခဲ့ပေမယ့် အခုအချိန်အထိ စပါးအသင်းမှာ ဆုဖလားအောင်မြင်မှုတွေ မရယူနိုင်ခဲ့ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ဖိုင်နယ်အထိ တတ်ရောက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Football.London

ဒီလိုအခြေအနေတွေ ရှိနေရတဲ့ ဟာရီကိန်းဟာ သူရဲ့ကစားသမားဘဝကို အဆုံးမသတ်ခင် ဆုဖလားအောင်မြင်မှုတွေကို ရယူဖို့အတွက် စပါးအသင်းကနေ နောက်ထပ်ထိပ်သီးကလပ်အသင်းကြီးတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဟာရီကိန်းက အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲပြီးတဲ့အခါ စပါးမှာ ဆက်ရှိမရှိဆိုတာကို ဆုံးဖြတ်ချက်ချသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ ဟာရီကိန်းဟာ ဒီလို ပြောဆိုထားခဲ့တဲ့အပြင် သူရဲ့အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေကိုလည်း သူအနေနဲ့ သိပ်မကြာခင်မှာပဲ စပါးအသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်တယ်ဆိုပြီး ဖွင့်ဟပြောဆိုထားခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ဟာရီကိန်းဟာ စပါးနဲ့လမ်းခွဲဖို့ သေချာသလောက်ရှိနေတဲ့အပြင် မန်စီးတီး ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်အသင်းထဲက တစ်သင်းသင်းဆီကို ပြောင်းရွှေ့ကစားဖွယ်လည်း ရှိနေပါတယ်။