ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် စပါးရဲ့ သမိုင်းတလျှောက် ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆယ်ကျော်သက် အရွယ်ကတည်းက စပါးရဲ့ လူငယ်အကယ်ဒမီဆီ ရောက်နေတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက စပါးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားတွေ အနက် အကောင်းဆုံး ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

Photo Credit: Telegraph

ဟယ်ရီကိန်းက စပါးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ၂၀၁၃ခုနှစ်မှ စတင်ကာ အသင်းအတွက် ပါဝင် ကစားပေးခွင့် ရခဲ့ပြီး သူက အသင်းအတွက် ဆယ်စုနှစ် တစုကြာ ကစားပေးခဲ့ရာ ပြိုင်ပွဲစုံမှာ စုစုပေါင်း ၄၁၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၆၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆၂ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းက စပါးအတွက် ၂၆၇ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ ဂျင်မီ ဂရေ့ဗ်ကို (၂၆၆ဂိုး သွင်းယူထားသူ) ကျော်ဖြတ်ကာ စပါးရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်နိုင်ခဲ့သလို ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် သွင်းဂိုး ၂၀၀ဂိုး အထိ သွင်းယူထားနိုင်ကြောင့်ပဲ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် ထာဝရသွင်းဂိုး အများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရယူထားနိုင်ပါတယ်။

Photo Credit: Telegraph

စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာပြီးနောက် ဟယ်ရီကိန်းက သူ့ရဲ့ ရင်ခုန်သံစကားတွေကို ပရိသတ်တွေဆီ အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ ဟယ်ရီကိန်းက – “အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်အတွက် ထူးခြားလွန်းတဲ့ညမို့လို့ ကွင်းထဲမှာပဲ ရှိနေပါသေးတယ်။ စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရခဲ့တာဟာ ကျွန်တော့်ရဲ့ အိမ်မက် တခု အမှန်တကယ် ပြည့်မြောက်သွားခဲ့တာပါပဲ။ အရိုးသားဆုံး ပြောရရင် ကျွန်တော် ငယ်ငယ်တုန်းက ဒီလိုမျိုး စံချိန်ကို ရမယ်လို့ တွေးတောင် မတွေးမိခဲ့ပါဘူး။ ကျွန်တော် ဖြစ်ချင်ခဲ့တာက ဘောလုံးကစားခွင့် ရဖို့နဲ့ စပါးအတွက် ကိုယ်စားပြု ကစားခွင့် ရဖို့ပါပဲ။ အခုကတော့ ကျွန်တော့်အတွက် မှော်ဆန်တဲ့ အခိုက်အတန့်လေး တခုပါ။ ကျွန်တော်တို့ရဲ့ အိမ်ကွင်း ပရိသတ်တွေ အရှေ့မှာ ဒီလိုစံချိန်မျိုးကို ရခဲ့တာကလည်း တကယ်ကို ကောင်းပါတယ်။ ပြီးတော့ အရမ်း ခက်ခဲတဲ့ ပြိုင်ဘက်ကို ကျွန်တော့်ရဲ့ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အတွက် ပျော်မိပါတယ်။ ကျွန်တော်တို့အတွက် အရမ်းကို အရေးပါတဲ့ ရမှတ် ၃မှတ်ကို ရယူနိုင်ခဲ့တာပါ။ ကျွန်တော့်အတွက် ဒီညက သူငယ်ချင်းတွေ ၊ မိသားစုတွေ ၊ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းခွင့် ရတဲ့ ထူးခြားလွန်းတဲ့ ညလေး တညပါပဲ။ ကျွန်တော်ကတော့ ဒီညမှာ အပျော်တွေ အကုန်လုံးကို သိမ်းယူသွားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက် ယှဉ်ပြိုင်ရဦးမယ့် ပွဲစဉ်တွေ အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော်က ဒီရာသီကို အကောင်းဆုံး ပုံစံတခုနဲ့ အဆုံးသတ်နိုင်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်က အိမ်မှာပဲ ရှိနေကြတဲ့ ကောင်လေးတွေ ၊ ကောင်မလေးတွေ အပါအဝင် (စပါးပရိသတ်တွေကို ရည်ညွှန်းတာပါ) ဒီမှာ ရှိနေတဲ့ လူတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ဒီနေရာ အထိ ရောက်လာအောင် ကူညီပေးခဲ့ကြတဲ့ ၊ ထောက်ပံ့ပေးခဲ့ကြတဲ့ လူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်က ဒီစံချိန်ကို ရခဲ့လို့လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ မကြာခင် ပြန်တွေ့ကြတာပေါ့” လို့ စပါးရဲ့ တရားဝင်ပေ့ချ် ကနေ ဗွီဒီယို တပုဒ် တင်ကာ သူ့ရဲ့ ပျော်ရွှင်မှုတွေကို ပရိသတ်တွေဆီ မျှဝေပေးသွားခဲ့တာပါ။