MySport Myanmar

စပါးအတွက် ဆုဖလားတွေ ရယူရမယ့် အချိန်ကို ရောက်လာပြီလို့ ကြွေးကြော်ခဲ့တဲ့ ကိန်း

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သလို အကယ်ဒမီထွက် ကစားသမားလည်း ဖြစ်တဲ့ ဟယ်ရီကိန်းကတော့ သူတို့အသင်းဟာ နည်းပြကြီး ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလားတွေကို ရရှိအောင် ပစ်မှတ်ထား ကြိုးပမ်းရမယ့် အချိန်ကို ရောက်ရှိနေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ကစားသမား ဘဝတလျှောက်လုံး စပါးအတွက်ပဲ ကစားပေးခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Sports Brief

ဟယ်ရီကိန်းက စပါးအတွက် ပါဝင် ကစားပေးခွင့်ရတဲ့ ဘောလုံးရာသီမှ စတင်ကာ သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ကြောင်း သက်သေပြထားနိုင်သူ ဖြစ်ပြီး စပါးအတွက် ပြိုင်ပွဲစုံမှာ ၃၈၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းက စပါးနဲ့အတူ ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပြသထားနိုင်ပေမယ့် လက်ရှိအချိန်အထိ ဆုဖလား တလုံးမှ ရယူနိုင်သေးခြင်း မရှိသေးပဲ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ၃ကြိမ်သာ ရရှိထားတာကြောင့် ဟယ်ရီကိန်းက စပါးနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ အတော်လေး စိတ်အားထက်သန်နေပြီး သူတို့အသင်းဟာ ရာသီသစ်မှာ ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Brief

ဟယ်ရီကိန်းက – “ကျွန်တော်တို့အသင်း ဆုဖလား မရတာ အတော်လေးကို ကြာနေပါပြီ။ ကျွန်တော်တို့က ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခု ၊ ၃ခုလောက်မှာ ဆုဖလားတွေကို ရယူနိုင်တဲ့ အဆင့်အတန်းမျိုးမှာ မရှိတာကိုလည်း ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းက အတက်ဘက်ကို ရောက်နေပြီး ဒီရာသီမှာ ကျွန်တော်တို့တွေ ဆုဖလားတွေကို အရယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနိုင်တဲ့ အနေအထားမျိုး အထိ ရောက်နေပါပြီ။ ကျွန်တော်တို့ အတွက် ရာသီသစ်က အရမ်းကို ကြီးမားတဲ့ ဘောလုံးရာသီ တခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က အရမ်း ကောင်းတဲ့ ခေါ်ယူမှုတွေ လုပ်ထားနိုင်သလို ကစားသမားသစ်တွေကလည်း အသင်းဆီ ခပ်စောစောပဲ ရောက်လာကြပါတယ်။ ဒါက ကောင်းမွန်တဲ့ အချက်တခုပါ။ ကျွန်တော်တို့က ဆုဖလားတွေ အတွက် ကြိုးစားဖို့ ရည်ရွယ်ထားပေမယ့် ရာသီသစ် မစတင်ခင်မှာ လုပ်ဆောင်ရမယ့် ကိစ္စလေးတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်း တခုအပေါ် ရောက်နေတာပါ။ ကျွန်တော်က ရာသီသစ်မှာ အသင်းအတွက် သွင်းဂိုးတွေ ရသလောက် သွင်းယူပေးပြီး ကူညီချင်ပါတယ်။ ပြီးတော့ တသင်းလုံး အနေအထားကို ပြောရရင် ကျွန်တော်တို့တွေ ဆုဖလားတွေကို အရယူရမယ့် အချိန်ကို ရောက်နေပါပြီ။ အခုချိန်က ကျွန်တော်တို့ အတွက် ဆုဖလားတွေ ရယူဖို့ အသင့်တော်ဆုံး အချိန်ပါပဲ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။

Exit mobile version