MySport Myanmar

ဘိုင်ယန်ကို ပြောင်းလာခြင်းက ဘာလွန်းဒေါဆုရှင် ဖြစ်ဖို့ နီးစပ်လာစေတယ်လို့ ကိန်း ဆို

တော့တင်ဟမ် ဟော့စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဟယ်ရီကိန်းက ဒီအပြောင်းအရွှေ့ကြောင့်ပဲ သူဟာ ဆုဖလားတွေနဲ့သာမက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဆိုတဲ့ Ballon d’Or ဆုနဲ့ပါ ပိုမို နီးစပ်သွားခဲ့တယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

စပါးအသင်းမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းက ဒီနွေမှာပဲ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ပေါင် သန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဘိုင်ယန် တိုက်စစ်ကို ဦးဆောင်သွားတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဘိုင်ယန် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဟယ်ရီကိန်းက “တကယ်လို့ ချန်ပီယံလိဂ်ဖလား နဲ့ ပြည်တွင်း အမှတ်ပေးကို ရယူနိုင်ခဲ့မယ် ပြီးတော့ လာမယ့်နှစ်မှာလည်း အင်္ဂလန်နဲ့အတူ ယူရိုချန်ပီယံ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒီကစားသမားကို ဘာလွန်းဒေါဆုနဲ့အတူ တွေ့ရနိုင်ပါတယ်။”

“ဒီလို အောင်မြင်ဖို့အတွက် အသင်းတွေနဲ့ ဆုဖလားတွေကိုတော့ ဆွတ်ခူးနိုင်ရပါမယ်။ တကယ်လို့ ကျွန်တော် ဂိုးတွေ သွင်းယူပြီး ဆုဖလားတွေလည်း ဆွတ်ခူးနိုင်မယ်ဆိုရင်တော့ ဘာလွန်းဒေါဆု နေရာအတွက် ရောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ဒါက ကျွန်တော် လက်ရှိ အာရုံစိုက်ထားတဲ့ အရာ မဟုတ်ပါဘူး။”

Photo Credit : Bola

“ကျွန်တော် အမြဲတမ်း ပြောခဲ့တဲ့ စကားလို ကျွန်တော် ဒီထက်မက ပိုပြီး လုပ်နိုင်သေးတယ်လို့ ခံစားမိနေသမျှ ဘောလုံးသမားဘဝကနေ လုံးဝ အနားယူသွားမှာ မဟုတ်ဘူး။ ဒါဟာ ဘိုင်ယန်ကို ပြောင်းလာဖို့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမန် စူပါဖလား ဖိုင်နယ်ပွဲစဉ်မှာ လူစားဝင်ရင်း ပထမဆုံးအကြိမ် ကစားခွင့် ရရှိခဲ့ပေမယ့်လည်း ဂိုးလည်း မသွင်းယူနိုင်သေးသလို ပြိုင်ဘက် လိုက်ပ်ဇစ်အသင်းကိုပါ (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့လို့ ပထမဆုံး ဆုဖလား အခွင့်အရေးနဲ့လည်း လွဲချော်ခဲ့ရပါတယ်။

Exit mobile version