ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချသွားခဲ့သလို စပါးကို စွန့်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်သလို သူ့ရဲ့ ကစားသမား ဘဝ တခုလုံး စပါးအတွက်သာ ပေးဆပ် ကစားခဲ့သူပါ။

Photo Credit: Team Talk

ဟယ်ရီကိန်းက စပါးမှာ ဆယ်စုနှစ် တစုကျော် ကစားခဲ့ပြီးနောက် အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်ခဲ့သလို အင်္ဂလန်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်လာပေမယ့် အခုချိန်အထိ ဆုဖလား တလုံးမှ ရယူနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့်ပဲ ဟယ်ရီကိန်းက ဆုဖလားတွေ ရယူနိုင်ဖို့ အတွက် ယခု နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ ကြိုးစားနေပြီး ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူဖို့ ကြိုးစားနေပေမယ့် စပါးကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်မလွှတ်ချင်သေးပဲ တပတ် လုပ်ခလစာ ပေါင် ၄သိန်းနဲ့ ဟယ်ရီကိန်းကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းက စပါးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ချက်ချင်းဆိုသလို အဆိုပါ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပြီး သူဟာ စပါးကို စွန့်ခွာဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်းနဲ့ စပါးကသာ သူ့ကို ဒီနွေမှာ မရောင်းရင် စာချုပ်ကုန်ဆုံးမယ့် လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းဖို့ စီစဉ်ထားကြောင်း ပြန်လည် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။