ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု အတွက် ကွင်းလယ်ဒိုင် တီယာနေးက သူ့ကို အနီကတ် မပြဖို့ ဆုံးဖြတ်ခဲ့မှုဟာ မှန်ကန်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ စပါးအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပျောက်ဆုံးနေတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် လီဗာပူးအသင်းနဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာတော့ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ပွဲကစားချိန် ၅မိနစ်မှာပဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ဟယ်ရီကိန်းဟာ ပွဲကစားချိန် မိနစ် ၂၀ ဝန်းကျင်မှာတော့ အနီကတ်နဲ့ ထုတ်ပယ်ခံရဖို့ နီးစပ်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ လီဗာပူး ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကို လျှောထိုးဖျက်ထုတ်မှုက အနီကတ် ပြသခံရနိုင်တဲ့ လုပ်ရပ်တခု ဖြစ်ခဲ့ပါတယ်။

ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ ပရိသတ်တွေ ကတော့ ဟယ်ရီကိန်းဟာ ရော်ဘတ်ဆန် အပေါ် ဥပဒေပ ဖျက်ထုတ်ခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံရတော့မယ်လို့ တွေးခဲ့ကြပေမယ့် ကွင်းလယ်ဒိုင် တီယာနေးက ဟယ်ရီကိန်းအပေါ် သက်ညာမှု ပေးခဲ့ပြီး အဝါကတ်သာ ပြသခဲ့ပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ အဆိုပါ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ကွင်းလယ်ဒိုင် တီယာနေးအပေါ် ဝေဖန်မှုတွေ မြင့်တက်နေကာ ဟယ်ရီကိန်းကတော့ သူ့ကို အနီကတ် မပြဖို့ ဆုံးဖြတ်ခဲ့တဲ့ ကွင်းလယ်ဒိုင် တီယာနေးရဲ့ လုပ်ရပ် မှန်ကန်ကြောင်း ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းက – “ကျွန်တော့်ရဲ့ ဖျက်ထုတ်မှုက အနီကတ် ပြသင့်တဲ့ ဖျက်ထုတ်မှု တခု မဟုတ်ပါဘူး။ ဒါက လုံးဝကို သေချာပါတယ်။ ကျွန်တော့်ရဲ့ ဖျက်ထုတ်မှုက ကြမ်းတမ်းခဲ့တယ် ဆိုပေမယ့် ကျွန်တော်က ဘောလုံးကို ထိခဲ့သလို အောင်မြင်တဲ့ ဖျက်ထုတ်မှုလည်း ပြုလုပ်နိုင်ခဲ့တာပါ။ အခုချိန်မှာ ကျွန်တော်က အဲ့ဒီဖြစ်ရပ်ကို ပြန်မကြည့်ရသေးပါဘူး။ ဒါပေမယ့် ခင်ဗျားက ထိပ်တန်းအသင်း တသင်းနဲ့ ရင်ဆိုင်နေရပြီး အမှတ်တွေ ရဖို့ အတွက် အားထုတ်နေရပြီ ဆိုရင် ဒီလိုမျိုး ပြင်းထန်တဲ့ ဖျက်ထုတ်မှုတွေ ရှိလာမှာပါပဲ။ ဒိုင်တွေက ကျွန်တော့်ရဲ့ ဖျက်ထုတ်မှုကို သေချာ စစ်ဆေးခဲ့ကြပါတယ်။ ဒီတော့ ဒီကိစ္စကို ကျော်လိုက်ကြရအောင်ဗျာ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။