ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူဟာ လာမယ့် ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုအတွက် မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူးသစ် အာလင်း ဟာလန်း ၊ လီဗာပူးရဲ့ တိုက်စစ်မှူးသစ် ဒါဝင် နူနက်ဇ်တို့နဲ့ ပြိုင်ဆိုင်ဖို့ အဆင်သင့်ပါပဲ လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းက လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ၃ကြိမ်တိုင်တိုင် ရရှိထားသူပါ။

Photo Credit: The Mirror

ဒါကြောင့်ပဲ ဟယ်ရီကိန်းက လာမယ့် ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ တိုက်စစ်မှူး စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပြီး တဖက်မှာလည်း မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူးသစ် အာလင်း ဟာလန်းနဲ့ လီဗာပူးရဲ့ တိုက်စစ်မှူးသစ် ဒါဝင် နူနက်ဇ်တို့က ဟယ်ရီကိန်းရဲ့ ရွှေဖိနပ်အိမ်မက်ကို ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေပါ။

ဟာလန်းနဲ့ နူနက်ဇ်တို့ နှစ်ဦးစလုံးက လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူးတွေ အဖြစ် သတ်မှတ်ခံထားရသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးစလုံးက လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမား ဆယ်ဦး စာရင်းထဲမှာ ပါဝင်နေကြပါတယ်။

Photo Credit: The Mirror

ဒါပေမယ့် ဟယ်ရီကိန်းကတော့ ဟာလန်းနဲ့ နူနက်ဇ်တို့ ပရီးမီးယားလိဂ်ဆီ ရောက်လာမှု အပေါ် အကောင်းမြင်နေပြီး သူက ဟာလန်း ၊ နူနက်ဇ်တို့နဲ့ ပြိုင်ဆိုင်ကာ ရွှေဖိနပ်ဆုကို လုဖို့ အဆင်သင့် ဖြစ်နေသလို ဟာလန်းနဲ့ နူနက်ဇ်တို့ ရောက်လာတာဟာ သူ့ကို ပိုကောင်းတဲ့ တိုက်စစ်မှူးသစ် တဦး ဖြစ်လာစေမယ့် တွန်းအားတွေ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းက – “ရွှေဖိနပ်ဆုတိုက်ပွဲက အမြဲတမ်း ခက်ခဲလေ့ ရှိပါတယ်။ ပရီးမီးယားလိဂ်က နှစ်တိုင်းလိုလို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျွန်တော့်ရဲ့ ကစားသမား ဘဝ တလျှောက်လုံးမှာလည်း ရွှေဖိနပ်ဆုကို ရဖို့ နှစ်စဉ်နှစ်တိုင်း အကြိတ်အနယ် ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် တိုက်စစ်မှူးသစ် နှစ်ဦး ရောက်လာရုံနဲ့ ရွှေဖိနပ်ဆုတိုက်ပွဲက ထူးထူးခြားခြား ပြောင်းလဲသွားမယ် မထင်ပါဘူး။ ထိပ်တန်း တိုက်စစ်မှူးတွေက အမြဲတမ်း ပရီးမီးယားလိဂ်မှာ ကစားဖို့ စိတ်ကူးရှိကြပါတယ်။ သူတို့လည်း ဒီလိုပါပဲ။ ထိပ်တန်း တိုက်စစ်မှူးတွေ ရောက်လာတာက ကျွန်တော့်အတွက် ပိုပြီး ကြီးမားတဲ့ တွန်းအားတွေ ဖြစ်သလို သူတို့က ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမား တဦး ဖြစ်လာစေပါတယ်။ ကျွန်တော်ကတော့ သူတို့နဲ့ ပြိုင်ဆိုင်ဖို့ အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။